သမိုင်းကိုမကျေခဲ့ဘူး
ပထဝီကိုမကျေခဲ့ဘူး
ခုထိ
အစာအိမ်ဟာ ဆာလောင်မှုကိုမကျေသလိုမျိုး
ခင်ဗျားပြောကြည့်
လွတ်လပ်ရေးကို အရယူခဲ့သူရဲ့ နာမည်တစ်လုံး
ဒီမိုကရေစီကို အသက်သွင်းခဲ့သူရဲ့ စကားတစ်ခွန်း
ပထမကမ္ဘာစစ်ကို မကျေခဲ့ဘူး
ဒုတိယကမ္ဘာစစ်ကို မကျေခဲ့ဘူး
ခုထိ
ငြိမ်းချမ်းရေးဟာ
ဂျိုးဖြူငှက်နဲ့ သံလွင်ခက်ကို မကျေသလိုမျိုး
ခု အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာတွေအတွက်
ကျုပ်တို့တတွေ ဆာလောင်တောင်းတ နေတာဟာ
ဘယ်လိုအရာတွေလဲ
စစ်ပွဲတွေဟာ ကမ္ဘာနဲ့ချီပြီး
ပထမလည်း ရခဲ့ဖူးပြီ
ဒုတိယလည်း ဆွတ်ခူးခဲ့ဖူးပြီ
ပြော . . . ပြောပါ
ငြိမ်းချမ်းရေးဆိုတာ
နှစ်သိမ့်ဆုလောက်မှ မချိတ်နိုင်တဲ့ ရလာဒ်တစ်ခုလား
လက်နက်တွေဆိုတာ
ပြိုင်ပွဲဝင် ပစ္စည်းတွေ ဖြစ်နေပြီလား
ဒီလိုနဲ့ပဲ
မပြည့်သေးတဲ့ဆုတောင်းတွေမှာ
ကလေးငယ်တွေက အစ
သမိုင်းကို မသိကြတော့ဘူး
ပထဝီကို မသိကြတော့ဘူး
ကမ္ဘာကလည်း ဒီနေ့ထိ မကျေနိုင်ကြသေးဘူး။
ညီမင်းဝေ
ကဗျာထဲက အသံတွေက ပြင်းတယ်။ ရင်ထဲရောက်တယ်။ ကဗျာလေးနှစ်သက်မိပါ၏။
ReplyDelete