Tuesday, March 12, 2013

ဧရိယာပြင်ပမှာခေါ်ဆိုမိတဲ့ ဖုန်းနံပါတ်

လမ်းစလျှောက်တတ်တဲ့ ကလေးငယ်တစ်ယောက်လို
ဘဝဟာ ဒယိမ်းဒယိုင် ကိုးရိုးကားယားပါ အမေ
လျှောက်နေမိတဲ့လမ်းမှာ တွဲကူသူဟာ ကိုယ်တိုင်ဖြစ်တော့မှ
မှောက်ရက်လဲနေတဲ့ နေ့စွဲတွေကို ထိုင်ရေတွက်မိတယ်
ကျွန်တော် မမိုက်ခဲ့ပါဘူး အမေ အသေအချာကို ရူးသွပ်ခဲ့တာပါ
မာယာတွေတိမ်းနေရတော့ ဘဝက တစ်လိမ့်ချင်းပဲရွေ့တယ်
ရိုးရိုးမှန်မှန်လျှောက်တတ်ဖို့ ကျွန်တော့်ခြေထောက်တွေကို
ဘရိတ်အသစ်တပ်ပေးပါ အမေ
ပွင့်ဝေစ ပန်းတစ်ပွင့်ဟာ အမြဲလှပနေဖို့လိုမယ်မဟုတ်လား
ပျား ပိတုန်း တွေရဲ့အလယ်မှာ ကျွန်တော်က မျက်နှာငယ်ပန်းတစ်ပွင့်
ရနံ့လွင့်အောင်လုပ်ချင်သူတွေများတယ် အမေ
ခုတော့
ပုံပြင်တွေ လိုက်ကောက်ရင်း
ဇာတ်လမ်းရဲ့အပြင်ဖက် ရောက်မှန်းမသိ ရောက်နေပြီ
ကျွန်တော်ဟာ
လက်ပံတွေမရှိတဲ့ အရပ်မှာ ရာသီကြောင့်ရူးခဲ့တဲ့ ခွေးတစ်ကောင်ပါ
ကျွန်တော့ကို ကျိန်ပါ အမေ။
မေ့ပင်တွေ များတဲ့တောအုပ်မှာ ကျွန်တော်က ငုတ်တုတ်မေ့ခဲ့သူ
သင်ခန်းစာမကျေပဲ အနုပညာလက်မှတ်ရခဲ့သူ
အသိတွေချို့တဲ့လွန်းခဲ့တာ ဆန်းသလား အမေ
လူအ တစ်ယောက်ရဲ့ မျက်ရည်နဲ့မေးလိုက်တဲ့ မေးခွန်းပါ
လေထုငြိမ်မယ့် နေရာက ဖြေပြပေးပါ
အခုခေါ်နေတဲ့ ဖုန်းဘေလ်(ဘီလ်) လက်ကျန်ငွေမှာ
ကိုယ်ချင်းစာတရားတွေ ငတ်နေတဲ့အကြောင်း
သား ထည့်မပြောချင်တော့ဘူး
ကျွန်တော့ကို တကယ်ကျိန်လိုက်ပါ အမေ။


ညီမင်းဝေ ၊ ရတုသစ်

လူ လူ သူ သူ က ဗျာ

လူလုပ်ရင် လူဖြစ်သတဲ့
လူဟာ လူနဲ့တွေ့ဆုံကြ
လူကလူလို ဖြစ်ဖို့လိုအပ်တော့
အခါကြီးရက်ကြီးထဲ
လူမွှေးက လူမှာလာမပြောင်ဘူး
တစ်ဖက်လက်မှာ ဆူးတဲ့ညှောင့်က
တစ်ဖက်ရင်ထဲထိ မနာကျင်တတ်သေးဘူး
တစ်ဖက်အကျပ်အတည်းတွေကို
တစ်ဖက်ဘောင်ထဲခပ်ပြီးမျက်နှာလွှဲနေတော့
နေမှုထိုင်မှုဟာ ဂဏာမငြိမ်ဖြစ်လာ
ဒီလိုပါပဲ
အဲဒီအတိုင်းပါပဲလို့ ပြောပြောပြီး
တစ်ဖက်ကလျော့လျော့လာတဲ့ ကြိုးစလေးကို
တစ်ဖက်ကဖမ်းဆုပ် ဆွဲကိုင် ပေးမထားနိုင်ဘူးဆိုမှတော့
အားလုံးချောက်ထဲကျရုံပေါ့
တံတိုင်းတွေကို ရုတ်တရက်ထဆောက်ကြတော့
တဖြည်းဖြည်းနဲ့
အပြုံးပန်းလေးလည်း သွေ့ခြောက်ကြွေလွင့်သွားရတာပါပဲ
တဖက်နဲ့ တစ်ဖက်
နံရံလေး တစ်ချပ်ခြားတာ
ယုံကြည်မှုလေး တစ်ချက်လွဲတာ
လျှောက်နေတဲ့လမ်း တစ်ချက်လေးကွဲတာနဲ့တော့
ကိုင်ထားခဲ့ဖူးတဲ့လက်တွေ ဖြုတ်မပစ်သင့်ဘူး
လူဟာလူနဲ့ ဆက်ဆံကြရတဲ့ အခါကြီးရက်ကြီးမှာ
လူဟာလူမွှေးတော့ ပြောင်နေသင့်တယ်။


ညီမင်းဝေ
24.2.2013

ကြည့်နေရတဲ့ ဇာတ်လမ်းထဲမှာ

ဆေးလိပ်တိုလေး တစ်ခုကိုတောင်
မတ်အောင်မထောင်နိုင်တော့ဘူး
ယုံကြည်မှုက လွင့်ပြယ်နေပြီ
ရေသန့်တစ်ခွက်ဟာ
ဘယ်လောက်ထိ စင်ကြယ်လဲလို့
တွေးမနေတော့ဘူး ၊ မေးမနေတော့ဘူး
မုသားတစ်ခုပဲ ၊ ဝါဒတစ်ခုပဲ
အဲဒီလိုလဲ
ငြင်းမနေချင်တာ့ဘူး
အမှန်တရားကို
ရေဒီယိုအသံဖမ်းတဲ့ ခလုတ်လို
ရွှေ့ရွှေ့ပြီး ဖမ်းနေကြမှတော့
မျှော်လင့်ချက်ဆိုတာ
လေထဲမှာလွင့်ပါသွားတဲ့ အနံ့တွေလို
ဟိုး
ဘယ်ဆီ ဘယ်ဝယ်။

                                 ညီမင်းဝေ