Tuesday, July 16, 2013

လွင့်ထွက်လာတဲ့ အသံကို ဘယ်ရေဒါနဲ့ ဖမ်းကြမလဲ



ညဟာ နှုတ်ဆက်ရမှာ မှောင်နေသေးတော့
မနက်ခင်းကို အိပ်မက်ထဲ ထည့်မက်လိုက်တယ်
အရေအတွက်မများတဲ့ အမှန်တရားနဲ့
ဒုက္ခဟာ ခုချိန်ထိ အခါးမပျက်သေးဘူး
သေခြင်းတရားဟာ
သွားပုတ်လေလွင့်စကားတွေကို
မခေါ်ဆောင်နိုင်သေးသ၍တော့
အမှောင်ဟာ လမ်းပျောက်နေဦးမယ်
သဝေထိုးဖို့ အချိန်မကျသေးပဲ
သွန်ပစ်ခံနေရတဲ့ အလင်းတွေပါ
ဒီလိုနဲ့ပဲ ဘဝက
ခဏခဏ အကျနာနေတဲ့ ဒဏ်ရာ
ဘယ်မှာလည်း ဘယ်ဆီလည်း ဆိုပြီး
မြင်နေရတဲ့လမ်းဟာ
လျှောက်သွားဖို့ကို ခက်ခဲနေပြီလား
မျှော်လင့်ချက်တွေကို
မိုးပျံပူပေါင်းထဲ ထည့်ပြီးစောင့်ကြည့်လိုက်တော့
လေတိုက်မခံနိုင်တဲ့ပန်းကလေးတွေဟာ
အက်ကြောင်းရာ ပရပွနဲ့
အတိုက်အခိုက်ကြားက တိုးထွက်လာကြပေါ့
အေးအေးလူလူမနေနို်င်တဲ့ လူတောမို့
ကိုယ့်သဘောနဲ့ကိုယ်
မီးတွေချည်း အလောင်ခံလိုက်ဖို့ အဆင်သင့်ပြင်ထားပါတယ််
အတ္တဝါဒီတွေ လက်မထောင်နိုင်ဖို့
ပါးလွှာလာတဲ့ လူစိတ်စစ်စစ်တွေအတွက်
ခေတ်ကြီးကိုပဲ တရားစွဲဆိုလိုက်ရမလား
စနစ်ကြီးကိုပဲ ဘောင်ထပ်ခတ်ပစ်ရမလား
ငယ်ငယ်တုန်းကရေးခဲ့ဘူးတဲ့ တရားမျှတချင်းအတွက်
ဝလုံးလေးတွေ ၀ိုင်းအောင်ရေးဖို့စာမျက်နှာချန်ထားပေးခဲ့ကြပါ
စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့ စိတ်ဟာ
လွင့်လွင့်လူးလူး ဖြစ်မလာမှတော့
ဒီနေရာမှာပဲ
ရေးလက်စကို အဆုံးသတ်လိုက်တယ်
လေထုထဲက
တဝုန်းဝုန်းမြည်သံတွေ ရပ်ပါစေတော့ မနက်ခင်း။


ညီမင်းဝေ - ရတုသစ်

* NewStyle Magazine . July . 2013

Friday, July 12, 2013

မျက်ရည်

ဝေဒနာက စွန့်ထုတ်ပစ်လိုက်တဲ့
စွန့်ပစ်ပစ္စည်းဖြစ်နိုင်သလို
ကိုယ်ချင်းစာတရားက မြစ်တစ်စင်းအဖြစ်
ဖန်တီးပစ်လိုက်တာလည်း ဖြစ်နိင်တယ်
ပျော်ရွှင်ကြည်နူးမှုတွေ
မိုးအဖြစ်ရွာချလိုက်တဲ့အခါတိုင်း
သူဟာ သူ့ကိုယ်သူ ကိုယ်ယောင်ဖျောက်လို့။

ညီမင်းဝေ

သက္ကရာဇ်တွေကို သီကုံးလိုက်တော့ ပန်းကလေး(၂၈)ပွင့် က ရယ်မောလို့

(၁၆)ဂဏန်းကို နဖူးမှာစည်းပြီး
ရူးသွပ်မှုကို စလွယ်သိုင်းလို့
အဝေးပြေးလမ်းမပေါ် ခြေစချမိခဲ့
ခရီးဆိုတာ မဆုံးနိုင်တဲ့အရာမှန်း မသိခဲ့
တဖျတ်ဖျတ်နဲ့
တစ်မျက်နှာပြီး တစ်မျက်နှာ တစ်အုပ်ပြီး တစ်အုပ် လှန်လှော
ခုချိန်ထိ ဘဝဆိုတာကို ပြန်ပြောပြဖို့ ခက်နေတုန်းပဲ
စကားပြောဖော်ဟာ မှန်တစ်ချပ်နဲ့ စာအုပ်တစ်အုပ်
အဇ္စျတ္တကို အိပ်ကပ်ထဲထည့် ဖိကပ်
အသပြာရဲ့ အခြားတဖက်မှာ ဘာတွေရှိလဲ ခြေဖျားထောက်ကြည့်
ဘယ်ဆီဘယ်ဝယ်ကနေ ဘယ်လိုအရာမှန်းမသိတဲ့
အိပ်ရေးပျက် ပဋိပက္ခတွေနဲ့ ခေါက်ရိုးကျိုး
မျက်စိမလည်ပဲနဲ့ လမ်းတွေကလဲ ခဏခဏ မှားဝင်မိ
ဘယ်ကိုင်းမှာ နေနေ
တစ္ဆေတစ်ကောင်လို ဝေလေလေ ညများကိုဖြတ်သန်း
ချစ်ခြင်းမေတ္တာကို လက်တွေ့ကျကျ ဆည်းပူးခဲ့ပြီးမှ
စွဲလန်းမှုဟာ ဖူးစာကံအတွက် အချက်အချာမကျခဲ့မှန်း သိခဲ့ရ
မိသားစုဆိုတာ ဖုန်းသံထဲမှာ ထမင်းလက်ဆုံစားလို့ နွေးထွေး
တဖြည်းဖြည်းချင်း လိမ့်လိမ့်လာတဲ့ အချိန်ရထားဟာ
တစ်နေရာက တစ်ဘူတာ ခုတ်မောင်းရင်း
အနုပညာအရွယ်မရောက်သေးခင် ကဗျာပင်လယ်ထဲ ဒိုင်ဗင်ထိုး
ကိုယ့်အစွယ်ကိုယ်ချိုးလို့ နေထိုးထိုး မိုးစိုစို အသားကျခဲ့
အမြီးတရမ်းရမ်း ပျော်ရွှင်မှုများကို လျှာတစ်သပ်သပ်
ဒီလိုနဲ့ပဲ
အပြုံးများအဖြစ် ပွင့်လာစေမယ့် သက္ကရာဇ်များနှင့်အတူ
သက်ပြင်းချသံ ကင်းကင်းဖြင့် လှပဝေဆာမှုများအား
ဆုမွန်ကောင်းအဖြစ် တောင်းလိုက်ပါတယ် ကမ္ဘာမြေ။


ညီမင်းဝေ