ညဟာ နှုတ်ဆက်ရမှာ မှောင်နေသေးတော့
မနက်ခင်းကို အိပ်မက်ထဲ ထည့်မက်လိုက်တယ်
အရေအတွက်မများတဲ့ အမှန်တရားနဲ့
ဒုက္ခဟာ ခုချိန်ထိ အခါးမပျက်သေးဘူး
သေခြင်းတရားဟာ
သွားပုတ်လေလွင့်စကားတွေကို
မခေါ်ဆောင်နိုင်သေးသ၍တော့
အမှောင်ဟာ လမ်းပျောက်နေဦးမယ်
သဝေထိုးဖို့ အချိန်မကျသေးပဲ
သွန်ပစ်ခံနေရတဲ့ အလင်းတွေပါ
ဒီလိုနဲ့ပဲ ဘဝက
ခဏခဏ အကျနာနေတဲ့ ဒဏ်ရာ
ဘယ်မှာလည်း ဘယ်ဆီလည်း ဆိုပြီး
မြင်နေရတဲ့လမ်းဟာ
လျှောက်သွားဖို့ကို ခက်ခဲနေပြီလား
မျှော်လင့်ချက်တွေကို
မိုးပျံပူပေါင်းထဲ ထည့်ပြီးစောင့်ကြည့်လိုက်တော့
လေတိုက်မခံနိုင်တဲ့ပန်းကလေးတွေဟာ
အက်ကြောင်းရာ ပရပွနဲ့
အတိုက်အခိုက်ကြားက တိုးထွက်လာကြပေါ့
အေးအေးလူလူမနေနို်င်တဲ့ လူတောမို့
ကိုယ့်သဘောနဲ့ကိုယ်
မီးတွေချည်း အလောင်ခံလိုက်ဖို့ အဆင်သင့်ပြင်ထားပါတယ််
အတ္တဝါဒီတွေ လက်မထောင်နိုင်ဖို့
ပါးလွှာလာတဲ့ လူစိတ်စစ်စစ်တွေအတွက်
ခေတ်ကြီးကိုပဲ တရားစွဲဆိုလိုက်ရမလား
စနစ်ကြီးကိုပဲ ဘောင်ထပ်ခတ်ပစ်ရမလား
ငယ်ငယ်တုန်းကရေးခဲ့ဘူးတဲ့ တရားမျှတချင်းအတွက်
ဝလုံးလေးတွေ ၀ိုင်းအောင်ရေးဖို့စာမျက်နှာချန်ထားပေးခဲ့ကြပါ
စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့ စိတ်ဟာ
လွင့်လွင့်လူးလူး ဖြစ်မလာမှတော့
ဒီနေရာမှာပဲ
ရေးလက်စကို အဆုံးသတ်လိုက်တယ်
လေထုထဲက
တဝုန်းဝုန်းမြည်သံတွေ ရပ်ပါစေတော့ မနက်ခင်း။
ညီမင်းဝေ - ရတုသစ်
* NewStyle Magazine . July . 2013
No comments:
Post a Comment