(၁၆)ဂဏန်းကို နဖူးမှာစည်းပြီး
ရူးသွပ်မှုကို စလွယ်သိုင်းလို့
အဝေးပြေးလမ်းမပေါ် ခြေစချမိခဲ့
ခရီးဆိုတာ မဆုံးနိုင်တဲ့အရာမှန်း မသိခဲ့
တဖျတ်ဖျတ်နဲ့
တစ်မျက်နှာပြီး တစ်မျက်နှာ တစ်အုပ်ပြီး တစ်အုပ် လှန်လှော
ခုချိန်ထိ ဘဝဆိုတာကို ပြန်ပြောပြဖို့ ခက်နေတုန်းပဲ
စကားပြောဖော်ဟာ မှန်တစ်ချပ်နဲ့ စာအုပ်တစ်အုပ်
အဇ္စျတ္တကို အိပ်ကပ်ထဲထည့် ဖိကပ်
အသပြာရဲ့ အခြားတဖက်မှာ ဘာတွေရှိလဲ ခြေဖျားထောက်ကြည့်
ဘယ်ဆီဘယ်ဝယ်ကနေ ဘယ်လိုအရာမှန်းမသိတဲ့
အိပ်ရေးပျက် ပဋိပက္ခတွေနဲ့ ခေါက်ရိုးကျိုး
မျက်စိမလည်ပဲနဲ့ လမ်းတွေကလဲ ခဏခဏ မှားဝင်မိ
ဘယ်ကိုင်းမှာ နေနေ
တစ္ဆေတစ်ကောင်လို ဝေလေလေ ညများကိုဖြတ်သန်း
ချစ်ခြင်းမေတ္တာကို လက်တွေ့ကျကျ ဆည်းပူးခဲ့ပြီးမှ
စွဲလန်းမှုဟာ ဖူးစာကံအတွက် အချက်အချာမကျခဲ့မှန်း သိခဲ့ရ
မိသားစုဆိုတာ ဖုန်းသံထဲမှာ ထမင်းလက်ဆုံစားလို့ နွေးထွေး
တဖြည်းဖြည်းချင်း လိမ့်လိမ့်လာတဲ့ အချိန်ရထားဟာ
တစ်နေရာက တစ်ဘူတာ ခုတ်မောင်းရင်း
အနုပညာအရွယ်မရောက်သေးခင် ကဗျာပင်လယ်ထဲ ဒိုင်ဗင်ထိုး
ကိုယ့်အစွယ်ကိုယ်ချိုးလို့ နေထိုးထိုး မိုးစိုစို အသားကျခဲ့
အမြီးတရမ်းရမ်း ပျော်ရွှင်မှုများကို လျှာတစ်သပ်သပ်
ဒီလိုနဲ့ပဲ
အပြုံးများအဖြစ် ပွင့်လာစေမယ့် သက္ကရာဇ်များနှင့်အတူ
သက်ပြင်းချသံ ကင်းကင်းဖြင့် လှပဝေဆာမှုများအား
ဆုမွန်ကောင်းအဖြစ် တောင်းလိုက်ပါတယ် ကမ္ဘာမြေ။
ညီမင်းဝေ
No comments:
Post a Comment