Thursday, August 29, 2013
ကျန်းမာတော်မူကြပါစ စာအုပ်မျက်နှာ ကမ္ဘာ
ဘဝတစ်ခုလုံးကို Status တင်ထားပြီးမှတော့ Like လုပ်မယ့်သူလည်း မမျှော်လင်တော့ပါဘူး . . . (ရိုးသားမှုဟာ သေမိန့်ကျခံလိုက်ရပြီးနောက်ပေါ့)
မထိတထိ မသိမသာ ပြောဆိုမှုများအတွက် Comment ကို သုံးပါ (စိတ်အလိုပြည့်ဝမှုကို အနည်းငယ်သာ ခံစားရနိုင်ပါတယ်)
သင့်ရဲ့အတိတ်ကို ပြန်လည်ရှာဖွေဖို့ Notification မှာ သင့်ပစ္စုပ္ပန်ကို အသုံးပြုပါ (တခါတခါ အနာဂတ်တွေကိုပါ လက်လွှတ်လိုက်ရတာမျိုး ဖြစ်တတ်ပါတယ်)
သိသိသာသာ ထိထိမိမိ တိုက်ရိုက် ပြောဆိုမှုများအတွက် Message Box ကို သုံးပါ (အခန့်မသင့်လျှင် အမြင်ကတ်ခြင်း ခံရနိုင်ပါတယ်)
သင့် အလိုကျမှုများကို အများသူများ သိရှိစေရန်အတွက် Share ခလုတ်ကို ဖိလိုက်ပါ (လိုအပ်သည်များကို ထပ်မံဖြည့်စွက်၍ အတိအကျ ထပ်မံဖော်ပြနို်င်ပါတယ်)
သင့် ပေါင်ကို သင်ကိုယ်တိုင် လှန်မထောင်းမိစေရန်တော့ Tag ၏ အလုပ်လုပ်ပုံကို သေချာလေ့လာသင့်ပါတယ် (အကြံပြုခြင်း သက်သက် ထည့်ဝင်ဖော်ပြပါတယ်)
သင့် အလိုမကျမှုများအတွက်တော့ Hide Post သာ ပြုလုပ်ထားလိုက်ပါ (သင့်ကို စိတ်ချမ်းသာ ပျော်ရွှင်စေပါတယ်)
လတ်တလော စိတ်လိုလက်ရ မရှိမှုများ ပပျောက်သွားစေဖို့အတွက်ဆိုရင်တော့ Unfriend ကို အသုံးပြုနိုင်ပါတယ်။ (အသံမပါသော အသံများကိုတော့ ဆက်လက်ကြားနေနိုင်ပါတယ်)
ဒုတ်တွေ ဓါးတွေ မဆွဲ မအေ ညီမ အဆဲ မခံရနိုင်ဖို့အတွက်တော့ Block ကို အတိအကျ အသုံးပြုပါ။ (၁၀၀% အကာအကွယ် သုံးကဲ့သို့ စိတ်ချယုံကြည်နိုင်ပါတယ်)
ထို့ကြောင့် သင်၏ Add Friend ကို စေ့စပ်သေချာစွာ အသုံးပြုနိုင်ပေမယ့် ၊ သင့် Friend Request အား Profile Check Up ပြုလုပ်ပြီးမှသာ အတည်ပြုလက်ခံအသုံးပြုပါရန် (ထို့အတွက် သင့်ပတ်ဝန်းကျင်အား အကူအညီတောင်းခံ နိုင်ပါသည်)
ရေးလက်စအကြောင်းအရာများအား ဘယ်ကနေ စလို့ စမှန်း မသိခဲ့ပေမယ့် အဆုံးသတ်သင့်ပြီးထင်လို့ ဒီနေရာမှာ အပြီးသတ်လိုက်ပါတယ်။ (MS Word ၏ Close Button အား နှိပ်၍ Do you want to save the changes to Document? မှာ Yes ကို ရွေးလိုက်ပါတယ်)
Tuesday, July 16, 2013
လွင့်ထွက်လာတဲ့ အသံကို ဘယ်ရေဒါနဲ့ ဖမ်းကြမလဲ
ညဟာ နှုတ်ဆက်ရမှာ မှောင်နေသေးတော့
မနက်ခင်းကို အိပ်မက်ထဲ ထည့်မက်လိုက်တယ်
အရေအတွက်မများတဲ့ အမှန်တရားနဲ့
ဒုက္ခဟာ ခုချိန်ထိ အခါးမပျက်သေးဘူး
သေခြင်းတရားဟာ
သွားပုတ်လေလွင့်စကားတွေကို
မခေါ်ဆောင်နိုင်သေးသ၍တော့
အမှောင်ဟာ လမ်းပျောက်နေဦးမယ်
သဝေထိုးဖို့ အချိန်မကျသေးပဲ
သွန်ပစ်ခံနေရတဲ့ အလင်းတွေပါ
ဒီလိုနဲ့ပဲ ဘဝက
ခဏခဏ အကျနာနေတဲ့ ဒဏ်ရာ
ဘယ်မှာလည်း ဘယ်ဆီလည်း ဆိုပြီး
မြင်နေရတဲ့လမ်းဟာ
လျှောက်သွားဖို့ကို ခက်ခဲနေပြီလား
မျှော်လင့်ချက်တွေကို
မိုးပျံပူပေါင်းထဲ ထည့်ပြီးစောင့်ကြည့်လိုက်တော့
လေတိုက်မခံနိုင်တဲ့ပန်းကလေးတွေဟာ
အက်ကြောင်းရာ ပရပွနဲ့
အတိုက်အခိုက်ကြားက တိုးထွက်လာကြပေါ့
အေးအေးလူလူမနေနို်င်တဲ့ လူတောမို့
ကိုယ့်သဘောနဲ့ကိုယ်
မီးတွေချည်း အလောင်ခံလိုက်ဖို့ အဆင်သင့်ပြင်ထားပါတယ််
အတ္တဝါဒီတွေ လက်မထောင်နိုင်ဖို့
ပါးလွှာလာတဲ့ လူစိတ်စစ်စစ်တွေအတွက်
ခေတ်ကြီးကိုပဲ တရားစွဲဆိုလိုက်ရမလား
စနစ်ကြီးကိုပဲ ဘောင်ထပ်ခတ်ပစ်ရမလား
ငယ်ငယ်တုန်းကရေးခဲ့ဘူးတဲ့ တရားမျှတချင်းအတွက်
ဝလုံးလေးတွေ ၀ိုင်းအောင်ရေးဖို့စာမျက်နှာချန်ထားပေးခဲ့ကြပါ
စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့ စိတ်ဟာ
လွင့်လွင့်လူးလူး ဖြစ်မလာမှတော့
ဒီနေရာမှာပဲ
ရေးလက်စကို အဆုံးသတ်လိုက်တယ်
လေထုထဲက
တဝုန်းဝုန်းမြည်သံတွေ ရပ်ပါစေတော့ မနက်ခင်း။
ညီမင်းဝေ - ရတုသစ်
* NewStyle Magazine . July . 2013
Friday, July 12, 2013
မျက်ရည်
ဝေဒနာက စွန့်ထုတ်ပစ်လိုက်တဲ့
စွန့်ပစ်ပစ္စည်းဖြစ်နိုင်သလို
ကိုယ်ချင်းစာတရားက မြစ်တစ်စင်းအဖြစ်
ဖန်တီးပစ်လိုက်တာလည်း ဖြစ်နိင်တယ်
ပျော်ရွှင်ကြည်နူးမှုတွေ
မိုးအဖြစ်ရွာချလိုက်တဲ့အခါတိုင်း
သူဟာ သူ့ကိုယ်သူ ကိုယ်ယောင်ဖျောက်လို့။
ညီမင်းဝေ
သက္ကရာဇ်တွေကို သီကုံးလိုက်တော့ ပန်းကလေး(၂၈)ပွင့် က ရယ်မောလို့
(၁၆)ဂဏန်းကို နဖူးမှာစည်းပြီး
ရူးသွပ်မှုကို စလွယ်သိုင်းလို့
အဝေးပြေးလမ်းမပေါ် ခြေစချမိခဲ့
ခရီးဆိုတာ မဆုံးနိုင်တဲ့အရာမှန်း မသိခဲ့
တဖျတ်ဖျတ်နဲ့
တစ်မျက်နှာပြီး တစ်မျက်နှာ တစ်အုပ်ပြီး တစ်အုပ် လှန်လှော
ခုချိန်ထိ ဘဝဆိုတာကို ပြန်ပြောပြဖို့ ခက်နေတုန်းပဲ
စကားပြောဖော်ဟာ မှန်တစ်ချပ်နဲ့ စာအုပ်တစ်အုပ်
အဇ္စျတ္တကို အိပ်ကပ်ထဲထည့် ဖိကပ်
အသပြာရဲ့ အခြားတဖက်မှာ ဘာတွေရှိလဲ ခြေဖျားထောက်ကြည့်
ဘယ်ဆီဘယ်ဝယ်ကနေ ဘယ်လိုအရာမှန်းမသိတဲ့
အိပ်ရေးပျက် ပဋိပက္ခတွေနဲ့ ခေါက်ရိုးကျိုး
မျက်စိမလည်ပဲနဲ့ လမ်းတွေကလဲ ခဏခဏ မှားဝင်မိ
ဘယ်ကိုင်းမှာ နေနေ
တစ္ဆေတစ်ကောင်လို ဝေလေလေ ညများကိုဖြတ်သန်း
ချစ်ခြင်းမေတ္တာကို လက်တွေ့ကျကျ ဆည်းပူးခဲ့ပြီးမှ
စွဲလန်းမှုဟာ ဖူးစာကံအတွက် အချက်အချာမကျခဲ့မှန်း သိခဲ့ရ
မိသားစုဆိုတာ ဖုန်းသံထဲမှာ ထမင်းလက်ဆုံစားလို့ နွေးထွေး
တဖြည်းဖြည်းချင်း လိမ့်လိမ့်လာတဲ့ အချိန်ရထားဟာ
တစ်နေရာက တစ်ဘူတာ ခုတ်မောင်းရင်း
အနုပညာအရွယ်မရောက်သေးခင် ကဗျာပင်လယ်ထဲ ဒိုင်ဗင်ထိုး
ကိုယ့်အစွယ်ကိုယ်ချိုးလို့ နေထိုးထိုး မိုးစိုစို အသားကျခဲ့
အမြီးတရမ်းရမ်း ပျော်ရွှင်မှုများကို လျှာတစ်သပ်သပ်
ဒီလိုနဲ့ပဲ
အပြုံးများအဖြစ် ပွင့်လာစေမယ့် သက္ကရာဇ်များနှင့်အတူ
သက်ပြင်းချသံ ကင်းကင်းဖြင့် လှပဝေဆာမှုများအား
ဆုမွန်ကောင်းအဖြစ် တောင်းလိုက်ပါတယ် ကမ္ဘာမြေ။
ညီမင်းဝေ
Wednesday, May 15, 2013
ရက်စွဲ
ဖြတ်လျှောက်သွားတဲ့ လေပြေနွေးနွေးလေးမှာ
ကိုယ်သင်းရနံ့လေး ပြန်မရနိုင်တော့တာ သေချာပြီ
လွတ်ကျသွားတဲ့ စာသားလေးတစ်ပိုဒ်နဲ့
ဘယ်တော့မှ ဆိုတဲ့ သံစဉ်တေးတစ်ခုပဲ ကျန်ရစ်
တကယ့်ကို
မမွှေးပျံ့ နိုင်တော့မယ့် ပန်းလေးတစ်ပွင့်ရဲ့ ရင်ခုန်သံမှာ
ရွက်ကြွေဖြစ်ခွင့်တောင် မရခဲ့
ခြေချသံဖွဖွလေးရဲ့လမ်းပေါ်မှာတော့
နေရောင်ခြည်ဟာ
သူအချိန်နဲ့သူ
လျှောက်ပြန်သံပေး လုပ်နေဦးမယ်။
ညီမင်းဝေ
လခစား
အချိန်တန်ရင်တော့ ကြွေရတာပါပဲ
သစ်ရွက်လေးတွေကို
လိုက်ကောက်ဖို့ ပြင်နေရတာနဲ့
နောက်ဆုံး
သစ်ပင်ကြီးကို မော့မကြည့်နိုင်တော့။
ညီမင်းဝေ
Tuesday, March 12, 2013
ဧရိယာပြင်ပမှာခေါ်ဆိုမိတဲ့ ဖုန်းနံပါတ်
လမ်းစလျှောက်တတ်တဲ့ ကလေးငယ်တစ်ယောက်လို
ဘဝဟာ ဒယိမ်းဒယိုင် ကိုးရိုးကားယားပါ အမေ
လျှောက်နေမိတဲ့လမ်းမှာ တွဲကူသူဟာ ကိုယ်တိုင်ဖြစ်တော့မှ
မှောက်ရက်လဲနေတဲ့ နေ့စွဲတွေကို ထိုင်ရေတွက်မိတယ်
ကျွန်တော် မမိုက်ခဲ့ပါဘူး အမေ အသေအချာကို ရူးသွပ်ခဲ့တာပါ
မာယာတွေတိမ်းနေရတော့ ဘဝက တစ်လိမ့်ချင်းပဲရွေ့တယ်
ရိုးရိုးမှန်မှန်လျှောက်တတ်ဖို့ ကျွန်တော့်ခြေထောက်တွေကို
ဘရိတ်အသစ်တပ်ပေးပါ အမေ
ပွင့်ဝေစ ပန်းတစ်ပွင့်ဟာ အမြဲလှပနေဖို့လိုမယ်မဟုတ်လား
ပျား ပိတုန်း တွေရဲ့အလယ်မှာ ကျွန်တော်က မျက်နှာငယ်ပန်းတစ်ပွင့်
ရနံ့လွင့်အောင်လုပ်ချင်သူတွေများတယ် အမေ
ခုတော့
ပုံပြင်တွေ လိုက်ကောက်ရင်း
ဇာတ်လမ်းရဲ့အပြင်ဖက် ရောက်မှန်းမသိ ရောက်နေပြီ
ကျွန်တော်ဟာ
လက်ပံတွေမရှိတဲ့ အရပ်မှာ ရာသီကြောင့်ရူးခဲ့တဲ့ ခွေးတစ်ကောင်ပါ
ကျွန်တော့ကို ကျိန်ပါ အမေ။
မေ့ပင်တွေ များတဲ့တောအုပ်မှာ ကျွန်တော်က ငုတ်တုတ်မေ့ခဲ့သူ
သင်ခန်းစာမကျေပဲ အနုပညာလက်မှတ်ရခဲ့သူ
အသိတွေချို့တဲ့လွန်းခဲ့တာ ဆန်းသလား အမေ
လူအ တစ်ယောက်ရဲ့ မျက်ရည်နဲ့မေးလိုက်တဲ့ မေးခွန်းပါ
လေထုငြိမ်မယ့် နေရာက ဖြေပြပေးပါ
အခုခေါ်နေတဲ့ ဖုန်းဘေလ်(ဘီလ်) လက်ကျန်ငွေမှာ
ကိုယ်ချင်းစာတရားတွေ ငတ်နေတဲ့အကြောင်း
သား ထည့်မပြောချင်တော့ဘူး
ကျွန်တော့ကို တကယ်ကျိန်လိုက်ပါ အမေ။
ညီမင်းဝေ ၊ ရတုသစ်
လူ လူ သူ သူ က ဗျာ
လူလုပ်ရင် လူဖြစ်သတဲ့
လူဟာ လူနဲ့တွေ့ဆုံကြ
လူကလူလို ဖြစ်ဖို့လိုအပ်တော့
အခါကြီးရက်ကြီးထဲ
လူမွှေးက လူမှာလာမပြောင်ဘူး
တစ်ဖက်လက်မှာ ဆူးတဲ့ညှောင့်က
တစ်ဖက်ရင်ထဲထိ မနာကျင်တတ်သေးဘူး
တစ်ဖက်အကျပ်အတည်းတွေကို
တစ်ဖက်ဘောင်ထဲခပ်ပြီးမျက်နှာလွှဲနေတော့
နေမှုထိုင်မှုဟာ ဂဏာမငြိမ်ဖြစ်လာ
ဒီလိုပါပဲ
အဲဒီအတိုင်းပါပဲလို့ ပြောပြောပြီး
တစ်ဖက်ကလျော့လျော့လာတဲ့ ကြိုးစလေးကို
တစ်ဖက်ကဖမ်းဆုပ် ဆွဲကိုင် ပေးမထားနိုင်ဘူးဆိုမှတော့
အားလုံးချောက်ထဲကျရုံပေါ့
တံတိုင်းတွေကို ရုတ်တရက်ထဆောက်ကြတော့
တဖြည်းဖြည်းနဲ့
အပြုံးပန်းလေးလည်း သွေ့ခြောက်ကြွေလွင့်သွားရတာပါပဲ
တဖက်နဲ့ တစ်ဖက်
နံရံလေး တစ်ချပ်ခြားတာ
ယုံကြည်မှုလေး တစ်ချက်လွဲတာ
လျှောက်နေတဲ့လမ်း တစ်ချက်လေးကွဲတာနဲ့တော့
ကိုင်ထားခဲ့ဖူးတဲ့လက်တွေ ဖြုတ်မပစ်သင့်ဘူး
လူဟာလူနဲ့ ဆက်ဆံကြရတဲ့ အခါကြီးရက်ကြီးမှာ
လူဟာလူမွှေးတော့ ပြောင်နေသင့်တယ်။
ညီမင်းဝေ
24.2.2013
ကြည့်နေရတဲ့ ဇာတ်လမ်းထဲမှာ
ဆေးလိပ်တိုလေး တစ်ခုကိုတောင်
မတ်အောင်မထောင်နိုင်တော့ဘူး
ယုံကြည်မှုက လွင့်ပြယ်နေပြီ
ရေသန့်တစ်ခွက်ဟာ
ဘယ်လောက်ထိ စင်ကြယ်လဲလို့
တွေးမနေတော့ဘူး ၊ မေးမနေတော့ဘူး
မုသားတစ်ခုပဲ ၊ ဝါဒတစ်ခုပဲ
အဲဒီလိုလဲ
ငြင်းမနေချင်တာ့ဘူး
အမှန်တရားကို
ရေဒီယိုအသံဖမ်းတဲ့ ခလုတ်လို
ရွှေ့ရွှေ့ပြီး ဖမ်းနေကြမှတော့
မျှော်လင့်ချက်ဆိုတာ
လေထဲမှာလွင့်ပါသွားတဲ့ အနံ့တွေလို
ဟိုး
ဘယ်ဆီ ဘယ်ဝယ်။
ညီမင်းဝေ
Monday, February 18, 2013
ကမာၻက မေက်ေသးဘူး
သမိုင်းကိုမကျေခဲ့ဘူး
ပထဝီကိုမကျေခဲ့ဘူး
ခုထိ
အစာအိမ်ဟာ ဆာလောင်မှုကိုမကျေသလိုမျိုး
ခင်ဗျားပြောကြည့်
လွတ်လပ်ရေးကို အရယူခဲ့သူရဲ့ နာမည်တစ်လုံး
ဒီမိုကရေစီကို အသက်သွင်းခဲ့သူရဲ့ စကားတစ်ခွန်း
ပထမကမ္ဘာစစ်ကို မကျေခဲ့ဘူး
ဒုတိယကမ္ဘာစစ်ကို မကျေခဲ့ဘူး
ခုထိ
ငြိမ်းချမ်းရေးဟာ
ဂျိုးဖြူငှက်နဲ့ သံလွင်ခက်ကို မကျေသလိုမျိုး
ခု အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာတွေအတွက်
ကျုပ်တို့တတွေ ဆာလောင်တောင်းတ နေတာဟာ
ဘယ်လိုအရာတွေလဲ
စစ်ပွဲတွေဟာ ကမ္ဘာနဲ့ချီပြီး
ပထမလည်း ရခဲ့ဖူးပြီ
ဒုတိယလည်း ဆွတ်ခူးခဲ့ဖူးပြီ
ပြော . . . ပြောပါ
ငြိမ်းချမ်းရေးဆိုတာ
နှစ်သိမ့်ဆုလောက်မှ မချိတ်နိုင်တဲ့ ရလာဒ်တစ်ခုလား
လက်နက်တွေဆိုတာ
ပြိုင်ပွဲဝင် ပစ္စည်းတွေ ဖြစ်နေပြီလား
ဒီလိုနဲ့ပဲ
မပြည့်သေးတဲ့ဆုတောင်းတွေမှာ
ကလေးငယ်တွေက အစ
သမိုင်းကို မသိကြတော့ဘူး
ပထဝီကို မသိကြတော့ဘူး
ကမ္ဘာကလည်း ဒီနေ့ထိ မကျေနိုင်ကြသေးဘူး။
ညီမင်းဝေ
Subscribe to:
Posts (Atom)