ဗျိုင်းကရှေ့မှာ မပြန်တော့ဘူး
မိတ္ထီလာကန်အောက်က
ဖားသံတွေလည်း မကြားရတော့ဘူး
မိုးရွာလဲ မိုးရေချိုးလို့မရဲတော့
မေမေ့အပြုံးတွေလည်း မှုန်ပျပျ
မျက်စိစုံမှိတ် ယုံထားတဲ့ ကတိစကားတွေနဲ့
ဖေဖေပြန်လာရင် ထမင်းလက်ဆုံစားဖို့ စောင့်နေမိကြ
ပန်းကလေးများပွင့်မယ့် ဖူးတံတွေ
နေခြည်အလာ သွေးတွေဖြာနေကြပြီ
ညအခါ လသာညများ
မနားမနေ ယမ်းငွေ့တွေနဲ့ ကစားနေကြပြီ
ဤခရီး နီးသလား ဝေးသလား
ဖေဖေက ပြန်လာမှာလားလို့
ညီမလေးက မေးရင်
သား မဖြေတတ်သေးဘူး မေမေ
တရားခြင်း မတရားခြင်း
ညီမျှခြင်း မညီမျှခြင်း တွေဟာ
ချိုချဉ်ကိုင်ထားတဲ့လက်တွေနဲ့
တုတ်ချောင်းကိုင်ထားတဲ့လက်တွေပေ
အမှန်တကယ် မူတည်နေပြီလား မေမေ။
သေခြင်းတရားဟာ
တံခါးမခေါက်ပဲဝင်လာတတ်တဲ့ ခြေချသံလား
ရေသောက်ပြီး ပြုံးပြနေရတဲ့ အစာအိမ်မှာလည်း
မောင်းချိန်သံတွေ ခဏခဏကြားရတယ်
ညွှံ့ဝိုင်းတဲ့ ဗျိုင်းဖြူလေးလို
သားတို့
အတောင်တွေခတ်လို့ လူးနိုင်ပါတယ်
လောဘတွေ ကြီးမိတာ မဟုတ်ပါဘူး
လက်ဝါးဖြန့်ခွင့်မရှိတဲ့ဘဝတွေမိ
အေးချမ်းပါစေ မြန်မာပြည် သီချင်းနဲ့ပဲ သိပ်သိပ်
ကမ္ဘာမကျေသီချင်းနဲ့ပဲ သိပ်သိပ်
အိပ်ချိန်တန်ရင်တော့
သားတို့
အိပ်ပျော်ချင်ပါသေးတယ် မေမေ။
ညီမင်းဝေ
14.1.2012
8:45 PM
No comments:
Post a Comment