Tuesday, March 12, 2013

လူ လူ သူ သူ က ဗျာ

လူလုပ်ရင် လူဖြစ်သတဲ့
လူဟာ လူနဲ့တွေ့ဆုံကြ
လူကလူလို ဖြစ်ဖို့လိုအပ်တော့
အခါကြီးရက်ကြီးထဲ
လူမွှေးက လူမှာလာမပြောင်ဘူး
တစ်ဖက်လက်မှာ ဆူးတဲ့ညှောင့်က
တစ်ဖက်ရင်ထဲထိ မနာကျင်တတ်သေးဘူး
တစ်ဖက်အကျပ်အတည်းတွေကို
တစ်ဖက်ဘောင်ထဲခပ်ပြီးမျက်နှာလွှဲနေတော့
နေမှုထိုင်မှုဟာ ဂဏာမငြိမ်ဖြစ်လာ
ဒီလိုပါပဲ
အဲဒီအတိုင်းပါပဲလို့ ပြောပြောပြီး
တစ်ဖက်ကလျော့လျော့လာတဲ့ ကြိုးစလေးကို
တစ်ဖက်ကဖမ်းဆုပ် ဆွဲကိုင် ပေးမထားနိုင်ဘူးဆိုမှတော့
အားလုံးချောက်ထဲကျရုံပေါ့
တံတိုင်းတွေကို ရုတ်တရက်ထဆောက်ကြတော့
တဖြည်းဖြည်းနဲ့
အပြုံးပန်းလေးလည်း သွေ့ခြောက်ကြွေလွင့်သွားရတာပါပဲ
တဖက်နဲ့ တစ်ဖက်
နံရံလေး တစ်ချပ်ခြားတာ
ယုံကြည်မှုလေး တစ်ချက်လွဲတာ
လျှောက်နေတဲ့လမ်း တစ်ချက်လေးကွဲတာနဲ့တော့
ကိုင်ထားခဲ့ဖူးတဲ့လက်တွေ ဖြုတ်မပစ်သင့်ဘူး
လူဟာလူနဲ့ ဆက်ဆံကြရတဲ့ အခါကြီးရက်ကြီးမှာ
လူဟာလူမွှေးတော့ ပြောင်နေသင့်တယ်။


ညီမင်းဝေ
24.2.2013

ကြည့်နေရတဲ့ ဇာတ်လမ်းထဲမှာ

ဆေးလိပ်တိုလေး တစ်ခုကိုတောင်
မတ်အောင်မထောင်နိုင်တော့ဘူး
ယုံကြည်မှုက လွင့်ပြယ်နေပြီ
ရေသန့်တစ်ခွက်ဟာ
ဘယ်လောက်ထိ စင်ကြယ်လဲလို့
တွေးမနေတော့ဘူး ၊ မေးမနေတော့ဘူး
မုသားတစ်ခုပဲ ၊ ဝါဒတစ်ခုပဲ
အဲဒီလိုလဲ
ငြင်းမနေချင်တာ့ဘူး
အမှန်တရားကို
ရေဒီယိုအသံဖမ်းတဲ့ ခလုတ်လို
ရွှေ့ရွှေ့ပြီး ဖမ်းနေကြမှတော့
မျှော်လင့်ချက်ဆိုတာ
လေထဲမှာလွင့်ပါသွားတဲ့ အနံ့တွေလို
ဟိုး
ဘယ်ဆီ ဘယ်ဝယ်။

                                 ညီမင်းဝေ

Monday, February 18, 2013

ကမာၻက မေက်ေသးဘူး



သမိုင်းကိုမကျေခဲ့ဘူး
ပထဝီကိုမကျေခဲ့ဘူး
ခုထိ
အစာအိမ်ဟာ ဆာလောင်မှုကိုမကျေသလိုမျိုး
ခင်ဗျားပြောကြည့်
လွတ်လပ်ရေးကို အရယူခဲ့သူရဲ့ နာမည်တစ်လုံး
ဒီမိုကရေစီကို အသက်သွင်းခဲ့သူရဲ့ စကားတစ်ခွန်း
ပထမကမ္ဘာစစ်ကို မကျေခဲ့ဘူး
ဒုတိယကမ္ဘာစစ်ကို မကျေခဲ့ဘူး
ခုထိ
ငြိမ်းချမ်းရေးဟာ
ဂျိုးဖြူငှက်နဲ့ သံလွင်ခက်ကို မကျေသလိုမျိုး
ခု အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာတွေအတွက်
ကျုပ်တို့တတွေ ဆာလောင်တောင်းတ နေတာဟာ
ဘယ်လိုအရာတွေလဲ
စစ်ပွဲတွေဟာ ကမ္ဘာနဲ့ချီပြီး
ပထမလည်း ရခဲ့ဖူးပြီ
ဒုတိယလည်း ဆွတ်ခူးခဲ့ဖူးပြီ
ပြော . . . ပြောပါ
ငြိမ်းချမ်းရေးဆိုတာ
နှစ်သိမ့်ဆုလောက်မှ မချိတ်နိုင်တဲ့ ရလာဒ်တစ်ခုလား
လက်နက်တွေဆိုတာ
ပြိုင်ပွဲဝင် ပစ္စည်းတွေ ဖြစ်နေပြီလား
ဒီလိုနဲ့ပဲ
မပြည့်သေးတဲ့ဆုတောင်းတွေမှာ
ကလေးငယ်တွေက အစ
သမိုင်းကို မသိကြတော့ဘူး
ပထဝီကို မသိကြတော့ဘူး
ကမ္ဘာကလည်း ဒီနေ့ထိ မကျေနိုင်ကြသေးဘူး။

ညီမင်းဝေ

Friday, February 1, 2013

အလွမ်းသင့်ရှိုက်သံသဲ့သဲ့




ကော်ဖီခွက် ဖြူဖြူလေးမှာ
သူ့လက်ချောင်းလေးတွေ ပြန်ရှာမတွေ့တော့ဘူး
သူ့ကိုယ်သင်းနံ့လေးတွေ ပြန်မရတော့ဘူး
ရှည်ရှည်လာတဲ့ ဆံပင်တွေကို ရန်ထောင်ဖို့
သူ့မျက်စောင်းလှလှလေးလည်း မရှိတော့ဘူး
သူ့နှုတ်ခမ်းပါးလျလျလေးလည်း မတွေ့တော့ဘူး
ပြန်လည်တမ်းတခွင့်ဟာ
တစ်စစီစုတ်ဖြဲလွှင့်ပစ်ခဲ့တဲ့ အမှတ်တရတွေနဲ့
နှုတ်ခမ်းကို ဖိဖိကိုက်ရင်း နာကျင်လို့ပေါ့
ဘုရားမုဒ်ဦးက ဇွန်ပန်းရောင်းနေကျ ကလေးမလေး
ဘုရားရင်ပြင်တော်ပေါ်မှာ ထင်ကျန်နေတဲ့ အရိပ်များ
ကိုယ့်လက်ဖဝါးကို ပွတ်သပ်ကြည့်ရင်း
ပုတ်ခတ်ပုတ်ခတ် မျက်ဝန်းတွေနဲ့
ကောင်းကင်ကြီးကို ဝန်ချတောင်းပန်လိုက်တော့
အတူတူ အစာကျွေးနေကျ ခိုလေးတွေလည်း
ဝရုန်းသုန်းကား ထပျံသွားကြ
မျက်တောင်တဖျတ်အခတ် ရနံ့တစ်ခုအရှိုက်မှာ
သွေးမထွက်တဲ့ ဒဏ်ရာတွေ ဗရပွနဲ့
ည ည
အ သက် ရှု မ ရ အောင် လွမ်း မိ တယ်။

ညီမင်းဝေ
1 Feb 2013
11 : 11 AM

Wednesday, January 30, 2013

ကမာၻပ်က္သံ



ကုန္တင္ကားႀကီး ဘီးထေပါက္သံက အစ
အိမ်ခေါင်မိုးပေါ် အသီးကြွေကျသွားသံက အလယ်
ပူစီပေါင်းလေး ပေါက်သွားတဲ့ အသံက အဆုံး
တဖေါင်းဖေါင်း တဒုန်းဒုန်း တဒိုင်းဒိုင်း အသံကြားတိုင်း
တထိတ်ထိတ်နဲ့ ကြောက်တုန်း လန့်တုန်း
ထထပြေးနေရတုန်း။   ။

ညီမင်းဝေ
29.1.2013
11:30 PM

Monday, January 21, 2013

အမည်မပါတဲ့ ပါဆယ်တစ်ထုပ်

လေးကိုင်းက လွတ်ထွက်သွားတဲ့ မြှားတစ်စင်းမှာ
ရင်တမမ ဖြစ်ရခြင်းတွေ ဘယ်လောက်ပါမလဲ
မြှားဦးက ရင်ဝတဲ့တဲ့ လာမှန်တယ်။
ခေါင်းလေး မော့ပြီး စကားပြောတဲ့
လည်တံရှည်ရှည်လေးမှာ
မေးစေ့လေးက ချွန်တယ်
ပါးလေးက မို့တယ်
နှာတံလေးက စင်းတယ်
နှုတ်ခမ်းလေး ပါးတယ်
လှုပ်ခါသွားတဲ့ ဆံနွယ်လေးမှာ
စိတ်ကူးတွေနဲ့ တွဲခိုစီးလိုက်တယ်
တစ်ချက်တစ်ချက် ပေါ်လာတဲ့
နားရွက် ဖြူဖြူလေးကို အိပ်မက်လိုက်တယ်
အသံလွင်လွင်မရယ်တတ်တဲ့ သူ့အပြုံးလေးမှာ
ပါးချိုင့်လေးနှစ်ဖက် ဖျက်ကနဲလင်းတယ်။
မျက်ဝန်းနှစ်ခုကြား အကွာအဝေးလေးပါပဲ
ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် ကြွေကျသွား
သောက်လက်စ စီးကရက်လေးလဲ
တ ေ ငွ့ ေ ငွ့ နဲ ့ ပြာ ကျ သွာ း ။

ညီမင်းဝေ

Wednesday, January 16, 2013

သားတို့ အိပ်ပျော်ချင်သေးတယ်



ဗျိုင်းကရှေ့မှာ မပြန်တော့ဘူး
မိတ္ထီလာကန်အောက်က
ဖားသံတွေလည်း မကြားရတော့ဘူး
မိုးရွာလဲ မိုးရေချိုးလို့မရဲတော့
မေမေ့အပြုံးတွေလည်း မှုန်ပျပျ
မျက်စိစုံမှိတ် ယုံထားတဲ့ ကတိစကားတွေနဲ့
ဖေဖေပြန်လာရင် ထမင်းလက်ဆုံစားဖို့ စောင့်နေမိကြ
ပန်းကလေးများပွင့်မယ့် ဖူးတံတွေ
နေခြည်အလာ သွေးတွေဖြာနေကြပြီ
ညအခါ လသာညများ
မနားမနေ ယမ်းငွေ့တွေနဲ့ ကစားနေကြပြီ
ဤခရီး နီးသလား ဝေးသလား
ဖေဖေက ပြန်လာမှာလားလို့
ညီမလေးက မေးရင်
သား မဖြေတတ်သေးဘူး မေမေ
တရားခြင်း မတရားခြင်း
ညီမျှခြင်း မညီမျှခြင်း တွေဟာ
ချိုချဉ်ကိုင်ထားတဲ့လက်တွေနဲ့
တုတ်ချောင်းကိုင်ထားတဲ့လက်တွေပေ
အမှန်တကယ် မူတည်နေပြီလား မေမေ။
သေခြင်းတရားဟာ
တံခါးမခေါက်ပဲဝင်လာတတ်တဲ့ ခြေချသံလား
ရေသောက်ပြီး ပြုံးပြနေရတဲ့ အစာအိမ်မှာလည်း
မောင်းချိန်သံတွေ ခဏခဏကြားရတယ်
ညွှံ့ဝိုင်းတဲ့ ဗျိုင်းဖြူလေးလို
သားတို့
အတောင်တွေခတ်လို့ လူးနိုင်ပါတယ်

လောဘတွေ ကြီးမိတာ မဟုတ်ပါဘူး
လက်ဝါးဖြန့်ခွင့်မရှိတဲ့ဘဝတွေမို့
အေးချမ်းပါစေ မြန်မာပြည် သီချင်းနဲ့ပဲ သိပ်သိပ်
ကမ္ဘာမကျေသီချင်းနဲ့ပဲ သိပ်သိပ်
အိပ်ချိန်တန်ရင်တော့
သားတို့
အိပ်ပျော်ချင်ပါသေးတယ် မေမေ။

ညီမင်းဝေ
14.1.2012
8:45 PM

Tuesday, January 8, 2013

မိသားစု လိဒ်

 
 ပွဲအစကတည်းက
မေမေဟာ  ဂိုးသမားတစ်ယောက်
လောကဓံရဲ့ ကန်ချက်ပြင်းပြင်းတွေကို
ပုံစံမျိုးစုံ ပုတ်ထုတ်ကာကွယ်ပေးခဲ့
မိသားစုအတွက် ပေးဂိုးမရှိ စံချိန်တင်ထားဆဲ
မာမာထန်ထန် မကစားနိုင်တဲ့ သားတို့အတွက်
အမေဟာ နောက်ဆုံးခံတပ်ကစားသမား
သက်လုံကောင်းတဲ့ မေမေဟာ
ကံကြမ္မာရဲ့ တိုက်စစ်အဖွင့်မှာ
တံတိုင်းတစ်ခုလို ခုခံ
ပြီးပြည့်စုံခြင်း ပျော်ရွှင်မှုတွေနဲ့
ကွင်းလယ်ကစားကွက်ကို
စီစဉ်တကျ အလှဆင်ပြန်သေးတယ်
ပတ်ဝန်းကျင် ကွင်းပြင်ကြီးထဲမှာ
အနိုင်ဂိုးတွေသွင်းနိုင်ဖို့
မိသားစုအတွက် ရှေ့တန်းတိုက်စစ်က
ကျွန်တော်တဲ့လား မေမေ . . .
မာယာများတဲ့ ကစားကွက်တွေထဲ
ခြေကုန်လက်ပန်း မကျသေးပေမယ့်
ချပေးလိုက်တဲ့ ဖြတ်တင်ဘောတွေမှာ
ခုချိန်ထိ
သား . . .
ဂိုးတွေမသွင်းနိုင်သေးဘူး မေမေ။


ညီမင်းဝေ
7.1.2013

Wednesday, January 2, 2013

ဖြစ်တတ်တာပဲ မထူးဆန်းဘူး



ခွဲခွာခြင်းဟာ အဆိပ်မိနေတဲ့ ကျိန်စာ
လွင့်နေတဲ့စိတ်ကို ကြိုးတပ်ပေးလိုက်တော့
သတိရခြင်းက သူ့နဖူးလေးပေါ်မှာပဲ ဝဲတယ်။
ကံကြမ္မာဆိုတာ
ကိုယ်ချစ်တဲ့သူဆီသွားဖို့
ကိုယ့်လက်နဲ့တည်ဆောက်ထားတဲ့
တံတားတစ်စင်း
သစ္စာတရားကို ဗဟိုပြုလို့
တံတိုင်းတွေကို

ကိုယ်တိုင် တည်ဆောက်လိုက်ပါတယ်။
နာရီတွေ သေဆုံးသွားလည်း
နေရောင်ခြည်က အလှည့်ကျ ဖြာနေဦးမယ်
မနေ့က ဒဏ်ရာတွေ

အနာကျက်သွားခဲ့ရင်
မနက်ဖြန်မှာ
အလွမ်းကို ပန်းပန်ပေးဖို့
သူ့အပြုံးကို အလျော်လိုက်တောင်းမယ်
တခါတရံမှာ
အချစ်ဟာ

ဘာမှမသိလိုက်ပဲ
ချစ်သွားစေခဲ့ကြောင်း စကားတချို့နဲ့ ။ ။



ညီမင်းဝေ
2.1.2013
00:15 AM

အိပ်ရေးပျက်ပျက်နေတဲ့ ကမ္ဘာ



နှုတ်မဆက်ချင်လည်း နှုတ်ဆက်လိုက်ရပြီ
မပြည့်ခဲ့တဲ့ဆုတွေအတွက်
ကြေကွဲမနေတော့ပါဘူး
အသစ်ဆိုတာ
နောင်တစ်ချိန်အတွက်အဟောင်းပါပဲ
ခုချိန်မှတော့
မမျှော်လင့်ရဲလဲ ဆက်ပြီးမျှော်လင့်နေရဦးမယ်
ကျီးလန့်စာစားနေရတာကိုက ဘဝပေးပဲ
မနက်ဖြန်တွေအတွက်
လက်ထဲမှာ ဓါးတစ်လက်အစား
ပန်းတစ်ပွင့်ကိုပဲ ငါကိုင်ထားမယ်
ကောင်းကင်မှာ
ဂျိုးဖြူငှက်တွေ တောင်ပံခတ်တဲ့ အထိ။




ညီမင်းဝေ
1.1.2013
1:39 AM