Saturday, December 22, 2012

ဆုကိုပြန်တောင်းတဲ့ ဆု



တမ်းတခြင်းမှာ
အမှတ်တရတွေက တပွေ့တပိုက်
အပိုင်းအခြားတစ်ခုဟာ ပြန်သွားခွင့်မပြုဖို့
နောက်ကျောကို
နံရံတွေနဲ့ တံတိုင်းခြားလိုက်ပြီ
ကြွေလွင့်သွားကြတဲ့ သစ်ရွက်လေးတွေရဲ့စကားသံမှာ
သံဝေဂဟာ ပျိုမျစ်နေမှာလား
အနာဂတ်ဟာ ဖူးသစ်ဝေမှာလား
မေခွန်းတွေမှာ
နောင်တတွေနဲ့ ခိုးခိုးဝှက်ရင်း ဖြေဖျောက်ရင်း
ရှေ့မှာ ဇာတ်ဝင်ခန်းအသစ်က ထပ်စောင့်နေပြန်ပြီ
နေသားတကျ ဘဝတွေအတွက်
ဓါးတွေထွက်မလာစေဖို့ဆုတောင်းနဲ့
တံခါးကို အသာအယာခေါက်လိုက်ပါတယ်
ကမ္ဘာမြေ . . .
အမှန်တကယ် ငြိမ်းချမ်းပါစေ။

ညီမင်းဝေ
22.12.2012
1:11 am

Friday, December 21, 2012

နှင်းကိုဝှက်တဲ့ဆောင်း



ဝါးလိုက်ထွေးထုတ်လိုက်နဲ့
ငြိမ်ချမ်းရေးလို့ဆိုတဲ့ သွေးအေးအေးပြက်လုံးအဆုံးမှာ
ငြိမ်းချမ်းရေးဟာ သွေးစိမ်းရှင်ရှင်စီးကျသွားတယ်။
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ သီချင်းသံဟာ
အသံအိုးထဲ တဝဲလည်လည် ပြန်ဝင်သွား
ကမ္ဘာပျက်မယ့် သတင်းစကားနဲ့အပြိုင်
ယမ်းစပေါက်ကွဲသံတွေကြားမှာ
ဘဝတွေ အပိုင်းပိုင်းပျက်နေကြပြီ
ရစ်ချစ်တာစကေး ပြင်းသော တိုက်ပွဲများ
ကျောက်စရစ်ခဲ မဟုတ်သော ကျည်ဆန်များအကြား
အသက်ဆိုတာ စားပွဲခုံအစပ်က ဂျိုးရုပ်လေးလို
သွေးဟာ နှင်းနဲ့ဝေတယ် အသက်တွေ မြူလိုဆိုင်းတယ်
မီးလင်းဖိုလေးဘေးမှာ ကျကျန်ခဲ့တဲ့ မိသားစုပုံလေးလည်း
တစုံတရာက ဆောင်းမှာနှင်းကိုဝှက်လိုက်သလိုမျိုး
ပျောက်ကွယ်သွားတယ်....။

ညီမင်းဝေ
20.12.2012

Saturday, December 15, 2012

သင်္ခါရကို မျိုချနေရသော နေ့စွဲများ



အာဝဇ္ဇန်းရွှင်သော လောဘပြကွက် ဟာသဆန်းများ
ပေါ့ပေါ့ပါးပါး ရယ်မောသင့် မရယ်မောသင့်
မျက်စိစုံမှိတ်ပြီး နှိပ်ရသော ဒေါသမီး ခလုတ်များ
အတင်းအဓ္ဓမ ဖိနှိပ်သင့် မဖိနှိပ်သင့်
မှန်နေသော အမှားများနှင့် မှားနေသော အမှန်တရားများ
ပွင့်ပွင့်လင်းလင်း ခွဲခြားထားသင့် ခွဲခြားမထားသင့်
ကွေးထားသောလက်များ ဆန့်ထားသောလက်များ အကြား
အသက်အတိုအရှည် ရွေးချယ်ပွဲမှ မျက်ရည်သြဘာသံများ
စိတ်လိုလက်ရ လက်ခုပ်လိုက်တီးသင့် လိုက်မတီးသင့်
ကျဆုံးလေပြီးသော မြောက်မြောက်များများ နောင်တများအား
နာနာကျင်ကျင် အလေးပြုသင့် အလေးမပြုသင့်
မှားယွင်းခဲ့ပြီးသော ထူထူထဲထဲ အတ္တများအား
မှန်မှန်ကန်ကန် အမိန့်ချမှတ်သင့် မချမှတ်သင့်
သမုဒယက ဖြစ်တဲ့ ဒုက္ခများမှာ သံဝေဂတရားများ
အသေအချာ ယူဆောင်သွားသင့် ယူဆောင်မသွားသင့်
ဖြစ်လေရာ ဘဝများမှ အဖြစ်အပျက်ဆိုးများနှင့်
အစီစဉ်တကျ တွေ့ကြုံခွင့် ပေးသင့် မပေးသင့် နှင့်အတူ
အစဉ်အခါမသင့်သောသင်္ခါရများ မျိုချသင့် မျိုမချသင့်အား
သံသရာကို ပုခုံးပုတ်ပြီး ပြောခွင့်/ဆိုခွင့်/မေးခွင့်/ဖြေခွင့် နေ့စွဲများ
လွတ်လွတ်လပ်လပ် ထင်သာမြင်သာ ရှိနေသင့် ရှိမနေသင့်
…………………………………………………………………………………
………………………………………………………………………………။


ညီမင်းဝေ
15.12.2012

Wednesday, December 12, 2012

ပျက်ပြားခဲ့ရသော တစ်ဆစ်ချိုးများ



အသက်တွေ အခန်းဆက်မပါဘူး
မုသားတွေက ရက်မခြားတော့ဘူး
ဝံပုလွေတစ်ကောင်ရဲ့ စိတ်
ရှေ့ကိုရောက်ရောက်လာတိုင်း
ပျောက်ရှသွားတဲ့ ရိုးသားခြင်းကို
ငုံ့ ငုံ့ ပြီး ကုန်း ကုန်း ရှာနေရ
အမှန်တရားအတွက် ရေရွတ်ရင်း
ဘဝတွေကို ဘဝတွေနဲ့ ခုတ်ချ
မျှော်လင့်ခြင်းတွေ အတုန်းအရုန်း လဲကျ
သေဆုံးသွားသောအချိန်များ အစားမရ
ကြေမွသွားသော သစ္စာတရားများအတွက်
ပြန်လည် ရှင်သန်ခွင့်မရတဲ့နောက်
အတ္တနဲ့ ချနင်းခံ့ရတဲ့ လမ်းတွေမှာ
ခြေချသံ တစ်ချက်တိုင်း
နှလုံးသားက
တဆတ်ဆတ်နာရတယ်။

ညီမင်းဝေ
12.12.2012

Tuesday, December 11, 2012

လွန်ခဲ့ပြီးသော မနက်ဖြန်


အခုရပ်နေတဲ့ နေရာမှာ
မနေ့ကသတိရခြင်းတွေ အစုလိုက်အပုံလိုက်
ဘယ်ကနေစမှန်းမသိတဲ့ ပဋိပက္ခနဲ့
သူတစ်ခွန်း ကိုယ်တစ်ခွန်း
နှုတ်ခမ်းဖျားတွေမှာ ဓါးတွေတင်ပြီး ခုတ်လိုက်ကြ
ကြေကွဲမှုက ကြွေလွင့်သွားတဲ့ အကြင်နာတရား
နာကြင်မှုက အသိုင်းအဝိုင်းကြားက ပကာသန
ဘဝနှစ်ခုက စစချင်းမှာ ဆက်စပ်မရတော့
လက်ဖဝါးက ပါးပေါ်ပြတ်ကျလာချိန်မှ ခဏရပ်
နှင်ထုတ်လိုက်တဲ့ ဥပက္ခာနဲ့ လှည့်ထွက်ခဲ့တဲ့ ခြေလှမ်းမှာ သူ့ငိုရှိုက်သံသဲ့သဲ့
ဒဏ်ရာတွေနဲ့ ကပ်ပါလာတယ်။
ခါးသီးတဲ့နေ့ရက်တွေမှာ သူလဲချိုမယ်မထင်ခဲ့
နောင်တက လုံးချေခံလိုက်ရတဲ့ စက္ကူတစ်စ
ဒီဘဝ ဒီအမျှတော့ မဖြစ်ချင်ခဲ့ပါ
မင်းသမီး နဲ့ မင်းသား ပေါင်းတဲ့ရုပ်ရှင်အဆုံး
အတူတူလျှောက်ခဲ့ဘူးတဲ့ လမ်းအိုလေးအဆုံး
စကားတွေပြောနေတဲ့ ထိုင်ခုံလေးတစ်လုံး
ဂယက်ထသွားတဲ့ ကန်ရေပြင်မှာ မျက်ရည်စတွေလား
လွင့်ကြွေကျသွားတဲ့ သစ်ရွက်ခြောက်တွေနဲ့ အလွမ်းများ
အတိတ်က မှော်ဆန်ဆန်ပဲ ခြောက်လှန့်
ပြန်လိုချင်တဲ့အရာတွေထဲ သူ့လက်ဖဝါးနုနု
သူ့နှုတ်ခမ်းဖူးဖူးဆီက နှင်းဆီတစ်ပွင့်
အမှားတွေ အဆုံးစီရင်ခန်းနဲ့အတူ
သူ့ဆံနွယ်လေးကြားက နားရွက်ပါးပါးလေးနှစ်ဖက်
နောင်တဆိုတာ နောင်တစ်ချိန်အတွက်
စက္ကူအလွတ်ကလေး တစ်ရွက်
ပြတ်သွားတဲ့ ဆွဲကြိုးလေးကိုပြန်ဆက်ဖို့
အချိန်တွေကို နောက်ပြန်လှည့်ပေးပါ
လူတွေအားလုံး နောက်ပြန်လမ်းလျှောက်ပါ
ကားတွေအားလုံးနောက်ပြန်မောင်းပေးပါ
သစ်ရွက်ခြောက်တွေ အပင်မှာ ပြန်စိမ်းလန်းပေးပါ
ကြမ်းပြင်ပေါ်က စီးကရက်အတိုစများ ဗူးအတွင်းနေရာပြန်ယူပေးပါ
ထွက်ခွာသွားသော မျှော်လင့်ခြင်းများ
အခုရပ်နေသော နေရာအရောက် ပြန်လာပေးပါ
လွန်ခဲ့ပြီးသော မနက်ဖြန်တစ်ခုအတွက် သူ့လက်ကလေးကို ကိုင်ပြီး
တခါတရံ အချစ်ဆိုတာ
မနက်ဖြန်အတွက် လိုအပ်နေသေးကြောင်း ပြောပြချင်တယ်။

ညီမင်းဝေ
11.12.2012 (1:30 AM)

ယနေ့ ရေးဖြစ်သော ကဗျာ အရေး အသား ပူသလား အိုက်သလား

ယနေ့ ရေးဖြစ်သော ကဗျာ အရေး အသား ပူသလား အိုက်သလား

မြင်လား . . . မြင်းလား. . . မြင့်လား
မြင်းကိုမြင်တော့မြင့်နေအောင်မော့ကြည့်လိုက်ရပါကြောင်း
ဒါပဲ . . . အဲဒါပဲ . . .  ဒါကြောင့်မို့ . . . ဒါတွေပါပဲ
ဒါတွေကို ဒါကြောင့်လို့ထင်နေသေးရင်
ဒါကြီးက ဒါမျိုးလိုက်နေမှာပ ဒါ သံသယပဲ
ပြန်မရပါဘူး လှန်ချလိုက်ပါ
ဒဏ်ကျမယ် သောကနဲ့။
သောကအမောမှာ
ဟောသမျှတရားနဲ့နားဝင်မချိုဘူး
လိုအင်တွေများလေလေ..ရင်နာရလေလေပါပဲ
မမြင်သာတဲ့အပြင်အဆင်တွေကြား
ပညာနဲ့ဆင်ခြင်ပါ...
ဆင်ခြင်မှုတွေအာနည်းမှ ဆင်ခြေဆင်လက်မပြနဲ့
ဘ၀ကမင်းလက်ထဲမှာ အနည်ကျပြီးသား
ပယ်ချလိုက်တဲ့တရားမှာ မတရားမှုပါသေးလား
တရားမှု မတရားမှုထက်
အိပ်မက်ကိုတပ်လှန့်နေရတော့
စာရိတ္တအကန့်က ပျက်တတ်တယ်..။
ဆွဲထုတ် ခုတ်သတ် အပြတ်ပြတ်နဲ့
နောက်ဆုံး ပျက်တာ
ရိုး . . . သား . . . မှု
ကြိုးစားမှုအတိုင်းအတာထက်
ပိုလိုချင်တဲ့အတ္တက ဗီဇကို မီးနီပြတယ် ။
မပီမသတဲ့လေ့ကျင့်မှုအောက်မှာ
အဆင့်အတန်းဆိုတာ ၀မ်းလျားမှောက်လို့..။
ဟိုမှာကြည့်လိုက် ထိန်ထိန်ညီးနေတဲ့မီး
ထွန်းတဲ့မီးလား ရှို့တဲ့မီးလား လောင်တဲ့မီးလား
ဘယ်သူမှမသိဘူးအထင်နဲ့ဆပ်ကပ်ဆန်ဆန် အန်ချလိုက်တဲ့မီး
ရင်ဘတ်စည်တီးလောင်တယ်..
အရောင်တွေလက်နေတာတောင် မှောင်တယ်.
အံချော်နေတဲ့အဆုံးသတ်မှုကြားမှာ
မြေသားဟာ သွေး ညှီနံ့သင်းပြန်ရ..
ဒီဒုက္ခ အတွက်ဘယ်သူတွေလျှော်ပေးမလဲ..။
ပြော...
ဟိုးအတွင်းထဲက ရင်ခေါင်းသံနဲ့ပြော
မျက်လုံးကို တည့်တည့်ကြည့်ပြော
လက်နှစ်ဖက်ကို ဆန့်တန်းပြီးပြော
ခန္ဓာကိုယ် မတ်မတ်နဲ့ပြော
ထပ်ပြောမယ်
ဟိုးအတွင်းထဲက ရင်ခေါင်းသံနဲ့ပြော . . .
ရင်တစ်ခုလုံးဗြောင်းဆန်နေတာမှန်ရဲ့
အန်ခဲ့တဲ့ ကျိန်စာတွေ တရှဲရှဲ
အသဲကွဲတယ်ဆိုတာ ချစ်သူမုန်းလို့မဟုတ်ဘူး။
ရင်ဘတ်အဆမတန်နာလည်းကွဲံထွက်တတ်တယ်။
ဒီ တစ်ခါကွဲတဲ့အသဲ ဘယ် ရာဇ၀င်နဲ့မှမလဲဘူး ။
ငါ့လက်ကို ငါ့လက်နဲ့ ပြန်တွဲထား
ငါ့တရားကို ငါအပိုင်ယူတယ်
ငါအသက်ဟာ ငါ့အတွက် မဖြစ်စေရဘူး။
အဲလို ငါကြွေးကြော်တယ်
အဲလို ငါကျိန်ဆိုတယ်
ငါ့ ဝိဥာဉ် ဟိုးအဝေးဆုံးထိ...
ပြေးလမ်းဆုံးတာတောင် ငါ့ကျိန်စာသံညံဆဲ
မယိုင်လဲတဲ့ဝိညာဉ်နဲ့ငါ့ ရင်ကိုခါထုတ်မယ်
ရင်ဘတ်ကကျတဲ့အသံ ငါ့အသံ
နှလုံးသားကကျတဲ့သွေး ငါ့မျက်ရည်သွေး
ဘာအရေးကြောင့် ဘာတွေကိုငါဂရုစိုက်ရမလဲ
ငါ့ အတိုက်အခိုက်ဟာ ငါ့ ကဗျာပဲ
ငါ့ကဗျာမှာ ငါ့အသံ ငါ့သွေး ငါ့ကြွေးကြော်သံပါရဲ့
လာခဲ့.....နှလုံးသားသန့်သန့်တစ်စုံနဲ့
ကြားနာလှည့်...။


ညီမင်းဝေ ၊ ရတုသစ်

*** ဘာရယ်မဟုတ် စကားပြောရင်းရေးဖြစ်သွားခဲ့တဲ့ ကဗျာ အရေးအသား တစ်ခုပါ။

နှုတ်ခမ်းဝမှ ပွင့်ထွက်လာသော အသံ


မေမေ့ရဲ့ နံရိုးပိုင်ရှင်
နှလုံးလှ၍ လက်ရုံးကြွသည်
ကျွန်တော့်တို့ ဘဝ တစ်ခုလုံးအား
ဘယ်တုန်းကမှ
ဘုရင်လို မင်းမမူခဲ့သော
မိသားစု လုံခြုံရေး၏
အရှင်သခင်။

မိဘအတွက် အားဖြစ်ခဲ့သူ
မွေးချင်းများထဲ သူရဲကောင်း တဲ့
လူ့အသိုင်းအဝိုင်းများ အကြား
သမာသမတ်ကို ခေါင်းပေါင်းထား
ရိုးဂုဏ်ကို စလွယ်သိုင်းလို့
ကိုယ်ပိုင် သမိုင်းမှာ
ရာဇဝင်ကို အရိုင်းမခံခဲ့သူ။

အခု
လျှောက်ခဲ့တဲ့လမ်းပေါင်း
(၆၀)ကျော်ခဲ့ပြီ။

ညီမင်းဝေ

အိမ်အပြန် မှတ်စုလေးများ . . .

တောင်တက်လမ်း

သွားရမှာပေါ့ အဲဒါ လမ်းတစ်ခု
တက်ရမှာပေါ့ အဲဒါ တောင်တစ်ခု
သွားနေကြ တက်နေကြ ဆိုပေမယ့်
လမ်းနဲနဲကြမ်း ၊ တောင်နဲနဲမြင့် ဆိုရင်တော့
ချွေးလဲ အနဲနဲ့အများတော့ ဆို့မပေါ့
လူလဲ အနဲနဲ့အများတော့ ပန်းမပေါ့
ဒါပေမယ့်လဲ
သွားရမှာပေါ့ တက်ရမှာပေါ့ . . .။

ညီမင်းဝေ
5.12.2012
==================================

အဝေးကမြို့

လိမ်ညာမှုတွေ
ခုချိန်ထိ
မာမာထန်ထန် တင်းခံနေခဲ့
အသိုင်းအဝိုင်းထဲ
လိမ္မာနေဆဲ
မရိုင်းဘူး မယိုင်ဘူး။
အမှန်တရားအတွက်
ပြတ်ထွက်သွားတဲ့ လက်တွေကလဲ
မျှော်လင့်ချက်တွေနဲ့ ခိုင်ခိုင်မာမာပဲ
မရွဲ့ဘူး မလှည့်ဘူး။
အလင်းတစက်နဲ့ နန်းတော်တည်ဖို့
နွေးနွေးထွေးထွေးလေး
အလင်းကူးခွင့် လိုတယ် . . . ။

ညီမင်းဝေ
8.12.2012
==================================


ငရင်လို့ပဲ အသံထွက်တယ်

အဆင်မပြေမှုက
ရစ်ချစ်စတာစကေး ဘယ်လောက်လဲ
ဒုက္ခရဲ့ဘယ်နေရာကို ဗဟိုပြုခဲ့လဲ
မျက်ရည်တွေလှိုင်းလိုထန်
ကြောက်ရွံ့မှုက ဘယ်ကမ်းမှာကပ်မလဲမသိ
မထင်မှတ်ပဲထပျံသွားတဲ့ သင်္ခါရရဲ့ ကျန်ရစ်ခဲ့တဲ့ တုန်ခါမှုက
ခုချိန်ထိမရပ်သေးဘူး
မျက်စိတဖျတ်ဖျတ် လက်တဆတ်ဆတ်
ပေါက်ကွဲခဲ့တဲ့ သံစဉ်တွေက
ရင်ထဲထိတလျပ်လျပ် ဘဝဂ်ထိ
ဆူဆူညံညံ လှုပ်လှုပ်သဲသဲ
ကယ်သူမမဲ့ ပေမယ့်
အိမ်ရှေ့က ရေအိုးလေးက
တစ်စဆီ ကွဲသွားခဲ့ပြီ။

ညီမင်းဝေ
9.12.2012

ရင်ဝေးကြယ်(၂)



မေတ္တာတရားဟာ
လွန်ဆွဲရင်း ပြတ်သွားတဲ့ ကြိုးလို
လွင်စင်ထွက်ကျလာတဲ့ ဥပေက္ခာတွေက
အမှောင်ကို မိတ်ဖွဲ့ထားတဲ့ အခန်းထဲ
ဒုက္ခပူပူကို ပဲ မှုတ်မှုတ်သောက်နေရ။
စိမ်းစိမ်းစိုစို လတ်လတ်ဆတ်ဆတ်နဲ့ပဲ
ဘဝက လှလှပပ ခြောက်သွေ့
ကြောက်ကြောက် ရွံ့ ရွံ့ စိုးထိတ်
တံခါးဆိုတာ
ပိတ်ထားသင့်တဲ့အရာလို့ ကြိတ်မှိတ်မှတ်သားလိုက်ရ။
အပြစ်မရှိပေမယ့် ဝဋ်ကြွေးရှိခဲ့တယ်
ကြင်နာယုယမှုကို ကိုယ်ချင်းစာတရားနဲ့လဲပြီးရခဲ့တယ်
လိုချင်တပ်မက်မှုကို ဆာလောင်ပြီးမှရခဲ့တယ်
ပြီးပြည့်စုံမှုကို နာနာကျင်ကျင် ပြုံးပြတတ်ခဲ့တယ်။
ကြမ်းပြင်ပေါ်က ပန်းအိုးကွဲစတွေမှာ အမှန်တရားကို ရှာဖွေရင်း
ကြေမွသွားတဲ့ စက္ကူစတွေထဲ ရိုးသားမှုကို ရှာဖွေရင်း
ခုတင်ခြေရင်းက
စက္ကူပန်းလေးရဲ့ ရယ်သံတွေလည်း
နွမ်း . . . လျ . . . ခြောက် . . . သွေ့။

ညီမင်းဝေ

မိုးခြွေလေညင်း


သူ့အသံလေး သဲ့သဲ့မှာ
ကောင်းကင်ကြီးလဲ
အညိုအမဲတွေစွဲလို့။
သူ့အထိလေး ငွေ့ငွေ့မှာ
မြေပြင်ကြီးလဲ
ထွန့်ထွန့်ကိုလူးလို့။
အခုလဲ
သူ့ကြောင့်ပေါ့
လက်ဖက်ရည်ခွက်ထဲ
အလွမ်းတွေ အရည်ပျော်ရင်း
လွင့်ဝဲနေတဲ့ မီးခိုးတွေကြား
အတိတ်တွေလည်း
တစ်ပွင့်ပြီးတစ်ပွင့်
ကြွေကြွေကျလို့။

ညီမင်းဝေ
10.10.2012