အာဝဇ္ဇန်းရွှင်သော လောဘပြကွက် ဟာသဆန်းများ
ပေါ့ပေါ့ပါးပါး ရယ်မောသင့် မရယ်မောသင့်
မျက်စိစုံမှိတ်ပြီး နှိပ်ရသော ဒေါသမီး ခလုတ်များ
အတင်းအဓ္ဓမ ဖိနှိပ်သင့် မဖိနှိပ်သင့်
မှန်နေသော အမှားများနှင့် မှားနေသော အမှန်တရားများ
ပွင့်ပွင့်လင်းလင်း ခွဲခြားထားသင့် ခွဲခြားမထားသင့်
ကွေးထားသောလက်များ ဆန့်ထားသောလက်များ အကြား
အသက်အတိုအရှည် ရွေးချယ်ပွဲမှ မျက်ရည်သြဘာသံများ
စိတ်လိုလက်ရ လက်ခုပ်လိုက်တီးသင့် လိုက်မတီးသင့်
ကျဆုံးလေပြီးသော မြောက်မြောက်များများ နောင်တများအား
နာနာကျင်ကျင် အလေးပြုသင့် အလေးမပြုသင့်
မှားယွင်းခဲ့ပြီးသော ထူထူထဲထဲ အတ္တများအား
မှန်မှန်ကန်ကန် အမိန့်ချမှတ်သင့် မချမှတ်သင့်
သမုဒယက ဖြစ်တဲ့ ဒုက္ခများမှာ သံဝေဂတရားများ
အသေအချာ ယူဆောင်သွားသင့် ယူဆောင်မသွားသင့်
ဖြစ်လေရာ ဘဝများမှ အဖြစ်အပျက်ဆိုးများနှင့်
အစီစဉ်တကျ တွေ့ကြုံခွင့် ပေးသင့် မပေးသင့် နှင့်အတူ
အစဉ်အခါမသင့်သောသင်္ခါရများ မျိုချသင့် မျိုမချသင့်အား
သံသရာကို ပုခုံးပုတ်ပြီး ပြောခွင့်/ဆိုခွင့်/မေးခွင့်/ဖြေခွင့် နေ့စွဲများ
လွတ်လွတ်လပ်လပ် ထင်သာမြင်သာ ရှိနေသင့် ရှိမနေသင့်
…………………………………………………………………………………
………………………………………………………………………………။
ညီမင်းဝေ
15.12.2012
No comments:
Post a Comment