အခုရပ်နေတဲ့ နေရာမှာ
မနေ့ကသတိရခြင်းတွေ အစုလိုက်အပုံလိုက်
ဘယ်ကနေစမှန်းမသိတဲ့ ပဋိပက္ခနဲ့
သူတစ်ခွန်း ကိုယ်တစ်ခွန်း
နှုတ်ခမ်းဖျားတွေမှာ ဓါးတွေတင်ပြီး ခုတ်လိုက်ကြ
ကြေကွဲမှုက ကြွေလွင့်သွားတဲ့ အကြင်နာတရား
နာကြင်မှုက အသိုင်းအဝိုင်းကြားက ပကာသန
ဘဝနှစ်ခုက စစချင်းမှာ ဆက်စပ်မရတော့
လက်ဖဝါးက ပါးပေါ်ပြတ်ကျလာချိန်မှ ခဏရပ်
နှင်ထုတ်လိုက်တဲ့ ဥပက္ခာနဲ့ လှည့်ထွက်ခဲ့တဲ့ ခြေလှမ်းမှာ သူ့ငိုရှိုက်သံသဲ့သဲ့
ဒဏ်ရာတွေနဲ့ ကပ်ပါလာတယ်။
ခါးသီးတဲ့နေ့ရက်တွေမှာ သူလဲချိုမယ်မထင်ခဲ့
နောင်တက လုံးချေခံလိုက်ရတဲ့ စက္ကူတစ်စ
ဒီဘဝ ဒီအမျှတော့ မဖြစ်ချင်ခဲ့ပါ
မင်းသမီး နဲ့ မင်းသား ပေါင်းတဲ့ရုပ်ရှင်အဆုံး
အတူတူလျှောက်ခဲ့ဘူးတဲ့ လမ်းအိုလေးအဆုံး
စကားတွေပြောနေတဲ့ ထိုင်ခုံလေးတစ်လုံး
ဂယက်ထသွားတဲ့ ကန်ရေပြင်မှာ မျက်ရည်စတွေလား
လွင့်ကြွေကျသွားတဲ့ သစ်ရွက်ခြောက်တွေနဲ့ အလွမ်းများ
အတိတ်က မှော်ဆန်ဆန်ပဲ ခြောက်လှန့်
ပြန်လိုချင်တဲ့အရာတွေထဲ သူ့လက်ဖဝါးနုနု
သူ့နှုတ်ခမ်းဖူးဖူးဆီက နှင်းဆီတစ်ပွင့်
အမှားတွေ အဆုံးစီရင်ခန်းနဲ့အတူ
သူ့ဆံနွယ်လေးကြားက နားရွက်ပါးပါးလေးနှစ်ဖက်
နောင်တဆိုတာ နောင်တစ်ချိန်အတွက်
စက္ကူအလွတ်ကလေး တစ်ရွက်
ပြတ်သွားတဲ့ ဆွဲကြိုးလေးကိုပြန်ဆက်ဖို့
အချိန်တွေကို နောက်ပြန်လှည့်ပေးပါ
လူတွေအားလုံး နောက်ပြန်လမ်းလျှောက်ပါ
ကားတွေအားလုံးနောက်ပြန်မောင်းပေးပါ
သစ်ရွက်ခြောက်တွေ အပင်မှာ ပြန်စိမ်းလန်းပေးပါ
ကြမ်းပြင်ပေါ်က စီးကရက်အတိုစများ ဗူးအတွင်းနေရာပြန်ယူပေးပါ
ထွက်ခွာသွားသော မျှော်လင့်ခြင်းများ
အခုရပ်နေသော နေရာအရောက် ပြန်လာပေးပါ
လွန်ခဲ့ပြီးသော မနက်ဖြန်တစ်ခုအတွက် သူ့လက်ကလေးကို ကိုင်ပြီး
တခါတရံ အချစ်ဆိုတာ
မနက်ဖြန်အတွက် လိုအပ်နေသေးကြောင်း ပြောပြချင်တယ်။
ညီမင်းဝေ
11.12.2012 (1:30 AM)
No comments:
Post a Comment