Tuesday, December 11, 2012

အချစ်မပါသည့် ဇာတ်လမ်း




သောက်နေကြ ကော်ဖီတစ်ခွက်မှာ သူ့ရနံ့လေးမပါတော့ဘူး
မမြင်နိုင်တဲ့ အသိတွေနဲ့မီးညှိပြီး ကံကြမ္မာကို တရှိုက်လောက် ဖွာကြည့်ချင်တယ်
ဒီကမ္ဘာမှာ အချစ်တစ်ခုအတွက် လူသားအားလုံး ရူးသွပ်ခဲ့ကြပါသလား
သူ့ရနံ့သင်းသင်းမှာ ယစ်မူးပျော်ဝင်ဖူးတယ်
သူ့စကားသံချိုချိုမှာ ဘဝင်တွေအထပ်ထပ်မြင့်ခဲ့တယ်
သူ့ခြေချသံရှပ်ရှပ်နဲ့ ခဏခဏခလုတ်တိုက်မိတယ်
သူ့အနမ်းလေးခပ်ဖွဖွ ကြောင့် ရင်တစ်ခုလုံး ပြုတ်ကျခဲ့ဖူးတယ်
သူ့မျက်စောင်းလှလှလေးမှာ စကားသံတွေ တိတ်ဆိတ်ခဲ့ဖူးတယ်
သူ့ရယ်သံလွင်လွင်မှာ အိပ်မက်တွေ ခဏခဏ လန့်နိုးခဲ့ဖူးတယ်
အချိန်ရဲ့တိုက်စားမှုမှာ သတိရခြင်းတွေ တသွင်သွင်စီးလို့
မျိုသိပ်ခြင်းတွေက တဖြည်းဖြည်းနဲ့ ဆွံ့အခိုင်းစေလို့
အတူတူထိုင်ခဲ့ဖူးတဲ့ စားပွဲခုံလေးတောင် ငြိုငြင်ခဲ့ပြီ
တပ်မက်မှုမပါတဲ့ ချဉ်ခြင်းတပ် ပျော်ဝင်ခြင်းမှာ
ကျွန်တော်က . . .
ချစ်ခြင်းတရားကို ပြစ်မှုကျူးလွန်ထားတဲ့ တရားခံတစ်ယောက်လို
ကံတရားရဲ့ အလိုမကျမှုမှာ ဆုတောင်းလည်း မှားခဲ့
သက်ပြင်းချသံတိုးတိုးလေးမှာ တိတ်တိတ်လေးသာယာခဲ့ပေမယ့်
သူခိုတဲ့ရင်ခွင်မှာ ကျွန်တော့်နှလုံးခုန်သံမရှိဘူး
ထိုးနေတဲ့ လက်ချောင်းတွေ ငေါ့နေတဲ့ မျက်နှာပေးတွေ
စောင်းလာတဲ့ အကြည့်တွေ ၊ လွဲနေတဲ့ အတွေးတွေ
ခုမှတော့ တိတ်ဆိတ်မနေကြပါနဲ့တော့
အသုံးမကျဘူးလို့ အကြိမ်ကြိမ်ဟစ်ကြွေးလိုက်ကြစမ်းပါ
ကျွန်တော့်အမှတ်အသားနဲ့ ကျွန်တော် ရူးနေလိုက်ချင်လို့
လမ်းခွဲဖို့မလိုအပ်သလို ဘယ်တော့မှ နှုတ်မဆက်ချင်ဘူး
ပိုင်ဆိုင်ခွင့်မရှိတာတစ်ခုတည်းနဲ့ အချစ်တွေပါ အဆိပ်သင့်လိုက်ရမှာလား
သံယောဇဉ်ဆိုတာ . . .
ကာလတွေကြောင့် ဆွေးတတ်တဲ့ ကြိုးမဟုတ်ဘူးလေ
ဆန့်တငင်ငင် တွေ့ဆုံခြင်းတွေက အချိန်ပြည့် ခွဲခွာရဖို့ဆိုရင်
ကျေနပ်ပါတယ် စိတ်လိုလက်ရကို ကျေနပ်လိုက်ပါမယ်
အလွမ်းတွေ အရောင်တောက်တောက်နဲ့ ဖြန့်ကျက်လိုက်တိုင်း
အိပ်မက်တွေက နံနက်ခင်းကို ကြောက်ရွံ့လို့
ဥပေက္ခာကိုရင်ဝယ်ပိုက်ရတိုင်း အနွေးဓါတ်ကလိုနေဦးမယ်။


ညီမင်းဝေ

No comments:

Post a Comment