အမှောင်ကိုကြောက်တယ် မုသားကိုကြောက်တယ်
မျက်နှာဖုံးကိုကြောက်တယ်
အထီးကျန်ခြင်းမှာ သံယောဇဉ်ကိုစိုက်ပျိုးဖို့ မျိုးစေ့ချပေးပါ
စူးစူးဝါးဝါးအသံတွေကနေ နားစွန်နားဖျားပြောနေကြတဲ့ မိသားစုဆိုတာ
စားပွဲဝိုင်းအကြီးကြီးလား အိပ်ယာအကြီးကြီးလား
ကျယ်ဝန်းလွန်းတဲ့ မြက်ခင်းပြင် စိမ်းစိမ်းစိုစိုကြီးလား
ဆုတောင်းတွေဟာ ကမန်းကတန်းရေရွတ်နေကျ ဂါထာတစ်ပုဒ်လို
မျှော်လင့်ချက်ဆိုတာ မျက်လှည့်ဆရာလက်ထဲက ပြကွက်လို
ကံတူရင် အကျိုးပေးမယ်တဲ့
ကောင်းမှုတွေမှာ စိတ်တွေဖြူခဲ့ကြရဲ့လား
မကောင်းမှုတွေမှာ စိတ်တွေတူခဲ့ကြတာလား
အရိပ်တွေက စကားပြောလိမ့်မယ်
နှုတ်ခမ်းတွေလဲ ဖျော့တော့လို့
ကိုယ့်အရိပ်ကို အဖော်ပြုရင်း သေမင်းကိုစောင့်ရတယ်
အသက်ရှုသံက မှောင်တော့မယ်
မုသားတွေ ပုံသွင်းပြီး မပြောကြပါနဲ့တော့
အလင်းစစ်စစ်ရှိမယ့်နေရာကို ညွှန်ပေးပါ
မေမေကို ပြောပေးပါ ၊ ဖေဖေကို ပြောပေးပါ
နွေးထွေးမှုကို ပြောပေးပါ ၊ လုံခြုံမှုကို ပြောပေးပါ
ဟန်ဆောင်မှုကင်းတဲ့နေရာကို ပြောပေးပါ
ခန္ဓာတစ်ခုလုံး တောင့်တင်းဖြူစွတ်မသွားခင်
အသေအချာ ပြောပေးခဲ့ပါ
လောကကြီးရော တစ်ကောင်ကြွက် ဖြစ်ခဲ့ဖူးလား။
ညီမင်းဝေ
စတိုင်လ်သစ် မဂ္ဂဇင်း (နိုင်ဝင်ဘာလ) ၊ ၂၀၁၂
No comments:
Post a Comment