အရှင်လတ်လတ် ငရဲကျသလိုတဲ့
ဒီအတိုင်းသာဆို သေရချည်ရဲ့
ကုတင်ပေါ်က အိပ်မပျော်တဲ့ ညဉ်းညူသံတွေ
ပုခက်ထဲက အိပ်ရေးပျက်စေတဲ့ အော်သံတွေ
လမ်းဘေးက စိတ်ပျက်လက်ပျက် ဟစ်သံတွေ
ယူပါ ကယ်ပါ ။ ပူလိုက်တာ အိုက်လိုက်တာ
မှုတ်ထုတ်လိုက်တဲ့ လေကလည်း အပူတွေဖြစ်လို့
လမ်းကြားကခွေးတောင် တအီအီဖြစ်လို့ဖြစ်
ဘာတွေဘယ်လိုဖြစ်ဖြစ် ခင်ဗျားမလာခဲ့ဘူး။
အခု လာမှာလား ၊ တော်ကြာလာမှာလား
လယ်ကွင်းပြင်ကြီးဆီက ဆာလောင်သံကြားလား
လမ်းတွေဆီက အက်ကွဲသံကြားလား
အမေမျှော်တဲ့သားရဲ့ တဆာဆာခေါ်သံတွေကြားလား
ဖုန်းတထောင်းထောင်းနဲ့ မျှော်လင့်ခြင်းတွေအတွက်
ပြတ်ထွက်လုမတတ် ကြိုးတစ်ချောင်းပေါ်က
ခြေကုန်လက်ပန်းကျသံတွေလည်း ပျောက်ဆုံးပြီ
ဓလေ့တစ်ခုရဲ့ မျက်စိစုံမှိတ် ယုံကြည်မှုတွေအတွက်
ငရံ့မင်းလည်း မြို့တစ်ပတ်ပြည့်ပြီးသွားပြီ။
ဒါနဲ့တောင်
မျက်နှာရိပ်မျက်နှာကဲ ခဏခဏပြတုန်း
လျှောက်ပြန်သံပေး ခဏခဏလုပ်တုန်း
တအုန်းအုန်း တပြက်ပြက် တလက်လက်နဲ့ စတုန်းနောက်တုန်း
ခပ်တည်တည်နဲ့ ရာသီကိုလည်း ညာနေတုန်း
နေ့တွေ ရက်တွေက ကူးခတ်သွားကြတယ်
အချိန်တန်လို့ ပေါ်မလာလဲ သဘောပါ
မတတော့ပါဘူး ၊ မခေါ်တော့ပါဘူး ၊ မမုန်းတော့ပါဘူး ။
စောင့်မျှော်ခြင်းကတော့
အတူတူဝတ်ဖို့ ဝယ်ထားတဲ့
မိုးကာအကျီ င်္လေး ဖုန်တွေတက်မသွားခင် အထိ။
ညီမင်းဝေ
No comments:
Post a Comment