မာယာရဲ့ရိုးသားခြင်းမှာ မှော်ဝင်ခဲ့တယ်
သွေးကြောစိမ်းလေးအား ခိုးယူသိုဝှက်ရင်း
ပျော်ဝင်ခဲ့သော အဆိပ်တက် ညနေခင်းများ
လက်ဖဝါးနုနုလေးဆီ ကပ်ပါသွားသော အနာဂတ်များ
မျက်ဝန်းလဲ့လဲ့ကြားက ဝေ့သီနေသော မျှော်လင့်ခြင်းများ
နှစ်ယောက်တစ်အိပ်မက်လို သီကုံး
ကမ္ဘာဟာ အရောင်စုံအောင် လှခဲ့တယ်။
အဇ္ဈတနွံမှာ
ယုံယုံကြည်ကြည်နဲ့ အမြိုခံလိုက်ရ
နောင်တဟာ ပန်းမပွင့်ဘူး
ခါးမယ့်အသီးဟာ မှည့်လဲ ခါးတာပဲ
ဘယ်တရားမှ မကျွတ်
ဘယ်မုသားမှ မခါးခဲ့တော့
ချစ်ခြင်းမှာ ညင်သာစွာ ရူးသွပ်
ရင်ကိုမှန်တဲ့ မြားလည်း
မတားနိုင်ပဲ ထွေးပွေ့လိုက်ရတဲ့ဘဝ။
အလွမ်းတွေ
နှင်းစက်များကြား တစိမ့်စိမ့်ဝေရင်း
စိမ်းကားခြင်းဟာ ဥပက္ခာနဲ့အတူ ရုပ်လုံးပြတော့
သံသယဟာ မရွာသင့်ပဲ သည်းတဲ့မိုးလို
တဝုန်းဝုန်းနဲ့ အတိတ်တွေပေါ် ရွဲရွဲစို။
မခေါ်ချင်မှတော့ သူစိမ်းပဲပေါ့
သိမ်းထားခဲ့ဘူးတဲ့ တစ်သျှူးစလေးများ
အရောင်တွေ ပြောင်းသွား
အသံမပါသော စကားများအဆုံး
အမုန်းစရဲ့ အမျက်ရှအကြည့်မှာ
အချစ်ငှက်ကလေးလည်း လန့်ဖျပ် ထပျံသွား။
ညီမင်းဝေ
12.11.2012
No comments:
Post a Comment